
သဇင်ပန်းသည် မြန်မာမင်းများ လက်ထက်က ဘုရင်မိဖုရားတို့သာ ဦးဦးဖျားဖျား ပန်ခွင့်ရှိသောတော်ဝင်ပန်းဖြစ်ကြောင်း၊ သဇင်ပန်းသည်နတ်တော်လ၌ပွင့်သဖြင့် အမြတ်တနိုးထား၍ နတ်တင် ကြသောကြောင့် နတ်ပန်းဟုလည်းခေါ်ဆိုကြကြောင်း၊ သဇင်ပန်းသည်သန့်ရှင်း စင်ကြယ်သော နေရာများနှင့် အအေးပိုင်းဒေသများ၌ အပင်ဖြစ်ထွန်းကြောင်း၊ သဇင်ပန်းသည်သစ်ခွမျိုးတွင် ပါဝင်ပြီး သဇင်ပန်းသည် သစ်ကိုင်းသစ်ခက် အုန်းခွံတို့တွင် တွယ်ကပ်၍လည်းကောင်း၊ အိုးထဲ၌အုန်းဆံပွပွနှင့် ထည့်၍လည်းကောင်း ခပ်သန့်သန့်စိုက်ရသော ဥမှထွက်သည့် အပင်ကလေး မျိုးဖြစ်ကြောင်း၊ သဇင်ဥသည် စိမ်းညိုရောင်လုံးရှည်သွယ်ဖြစ်၍ တစ်လက်မခန့်ကြီးကြောင်း၊ သဇင်ဥအရင်းမှ အရွက်ကလေးနှစ်ရွက်သည် မိုးဥကျစတွင်ထွက်ကြောင်း၊ အရွက်သည်တစ်လက်မမှ သုံးလက်မအထိ ရှည်၍အစိမ်းနုရောင်ဖြစ်ကြောင်း၊အလယ်ကြောမကြီး တစ်ခုသာပါ၍ အရွက်သားသည် ပြောင်ချော ကြောင်း၊ အပွင့်ပွင့်ချိန်၌ အရွက်များကြွေကျကြောင်း၊ အပွင့်သည် ခိုင်တံသွယ်သွယ်၌ ဘေးတစ်ဖက် တစ်ချက်စီပွင့်ကြောင်း၊ အပွင့်သည် သေးငယ်၍ အလယ်၌ ဝတ်ဆံပါပြီး သဇင်ပန်းပွင့်အရောင်မှာ လေးမျိုးရှိကြောင်း သဇင်ဖြူ၊ သဇင်ဝါ၊ သဇင်နီ၊ သဇင်နက် တို့ဖြစ်ကြောင်း၊ သဇင်ဖြူသည် အပွင့်ကြီးပြီး ရိုးတံတွင်အပွင့်ကျဲ၍ သဇင်ဝါလောက် အမွှေးရနံ့နည်းကြောင်း၊ သဇင်ဝါသည် အပွင့်သေး၍ ရိုးတံ၌အဆုပ်လိုက် အခိုင်လိုက်ပွင့်၍ ရနံအလွန် မွှေးကြောင်း၊ သဇင်နက်နှင့် သဇင်နီသည် ရှားပါးပြီး အတွေ့ရအလွန်နည်းကြောင်း၊ သဇင်နက်ပွင့်သည် မီးသွေးခဲကဲ့သို့နက်မှောင်၍ သဇင်ဥမှာစိမ်းပြီး ရှာပါးလွန်းကြောင်း၊ သဇင်ပန်းများသည် တစ်နှစ်တစ်ခါသာပွင့်သော အပင်မျိုးဖြစ်၍ နတ်တော်လ၊ ပြာသိုလများတွင် လှိုင်လှိုင်ပွင့်ကြောင်း၊ စာပေများမှ လေ့လာသိရှိရသည်။
DOCA(မန္တလေး)
