
ခံသီးပင်သည် အပူပိုင်းဒေသများတွင် ပေါက်ရောက်ကြောင်း၊ တစ်နှစ်လျှင်နှစ်ရာသီ အသီးများထွက်ရှိကြောင်း၊ ဆောင်းဦးကာလ၌ အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ တို့တွင် အသီးများထွက်ပေါ် ရင့်မှည့်ကြောင်း၊ အရသာမှာ ချိုချဉ်အရသာရှိကြောင်းသိရှိရသည်။ မြင်းခြံမြို့နယ် အတွင်းရှိ ရပ်ကွက်အချို့နှင့် ကျေးရွာများတွင်မိမိတို့၏ ခြံဝင်းများအတွင်း၌ ခံသီးပင်များကို စီးပွားဖြစ်တစ်နိုင်တပိုင်စိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ အေးမြသီတာဈေးတွင် ရောင်းချနေသော ခံသီးအသီးနှံ(၂၅) ကျပ်သားလျှင်(၂၀၀၀) ကျပ်၊ တစ်ပိဿာလျှင်(၇၀၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးနှုန်းအနည်းငယ် မြင့်တက် လျက်ရှိကြောင်း၊ အသီးအရွယ်အစားနှင့် လတ်ဆတ် မှုအပေါ်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ ဆေးဖက်ဝင်သော ကြောင့် ဒေသအတွင်း ဈေးကွက်၌ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ခံသီးရောင်းချသူ တစ်ဦးပြောပြချက် အရသိရ သည်။ အမျှင်ဓာတ်ကြွယ်ဝသဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကိုကောင်းမွန်ကြောင်း၊ စိတ်ဖိစီးမှုနှင့် အိပ်မပျော်ခြင်းကိုသက်သာစေပြီး သဘာဝအိပ်ဆေး အဖြစ် အသုံးပြုကြောင်း၊ ခံသီးပင်သည် အသီးအပြင် အခေါက်၊ အရွက်နှင့် အမြစ်များအားလုံးသည် ပဥ္စငါးပါးအတွက် ဆေးဖက်ဝင်ပြီး မြန်မာတိုင်းရင်းဆေးဖော်ရာတွင် လည်းအသုံးပြုကြကြောင်း သိရှိရပြီး၊ ဝင်ငွေရ၍ ဆေးဖက်ဝင်သော ခံသီးပင်များအား ပိုမိုစိုက်ပျိုးထားကြောင်းသိရှိရသည်။
DOCA(မန္တလေး)
