
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေး ရွာသည် စပါး၊ ကုလားပဲ၊ ဝါ၊ ပဲစဉ်းငုံ၊ နေကြာ၊ နှမ်းနှင့် အခြားစားဖိုဆောင်သုံးသီးနှံများကို ရာသီ အလိုက်စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံစိုက်ဧက(၉၀)ခန့်အား တောင်သူ(၇၀)ဦးမှ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဇီးတောကျေးရွာနေ တောင်သူတစ်ဦးက ၎င်းအနေဖြင့် ကုလားပဲသီးနှံ (၁)ဧကခန့်စိုက်ပျိုး ထားကြောင်း၊ မျိုးအနေဖြင့် မြကြေးမျိုးကို မင်းလှမြို့ရှိ ပွဲရုံများမှ (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ဖြင့် ဝယ်ယူပြီး ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ(၁)ဧကလျှင် မျိုး(၂)တင်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၂)လခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က မျိုးဖိုး၊ လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင်(၁)ဧကလျှင် ကျပ်(၆၅၀၀၀၀)ခန့် ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင်မူ သွင်းအားစုစရိတ် အနည်းငယ်မြင့်တက်လာ၍ ကျပ်(၇၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် (၁၅)တင်းခန့်ထွက်ရှိပြီး (၁)တင်း လျှင် ကျပ်(၉၃၀၀၀)ခန့်ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၇၄၅၀၀၀)ခန့်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် မင်းလှမြို့ရှိ သီးနှံပွဲရုံများသို့ ရောင်းချကြောင်း ထိုမှတဆင့် ရန်ကုန်၊ မန္တလေးပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်းသိရသည်။
အထက်မင်းလှမြို့ပေါ်ရှိ သီးနှံပွဲရုံများတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ကုလားပဲ သီးနှံအဟောင်းဈေး (၁)တင်းလျှင် ကျပ်(၉၀၀၀၀-၉၅၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
