Main menu

သဖန်းပင်၏ အသုံးဝင်ပုံများနှင့် ဆေးဖက်ဝင်ပုံ

Powered by Drupal

               သဖန်းပင်သည် ရိုးရာဆေးဝါးနှင့် အာဟာရဆိုင်ရာ အသုံးပြုမှုများအတွက် အဖိုးတန်သော အပင်ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသများတွင် ပေါက်ရောက်ပြီး ၎င်း၏ အသီး၊ အရွက်၊ ပင်စည်နှင့် အခေါက်တို့မှာ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသည်။ သဖန်းသီးတွင် အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ဗီတာမင် A နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း(polyphenols)များ ကြွယ်ဝစွာပါဝင်သည်။ သဖန်းရွက်တွင် polyphenols ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ ရောင်ရမ်းမှုကို လျှော့ချ ပေးနိုင်သည်။ သဖန်းခေါက်သည် ရိုးရာဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိပြီး ဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိပေးသည်။ အမျှင်ဓာတ်မြင့်မားမှုကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလမ်းကြောင်း လှုပ်ရှားမှုကို ပုံမှန်ဖြစ်စေသည်။ သဖန်းသီးမှည့်ခြောက် ၂–၃ လုံးကို နေ့စဉ်စားပါက ဝမ်းမှန် စေသည်။ အူအတွင်းရှိ ပရိုဘိုင်အိုတစ်ဘက်တီးရီးယားများကို အားပေးကာ အူကျန်းမာရေးကို မြှင့်တင်ပေးသည်။ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဖော့စ်ဖရပ်စ်တို့ ကြွယ်ဝစွာပါဝင်မှုက အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပြီးအရိုးပွရောဂါ၊အရိုးပါးရောဂါများမှကာကွယ်ပေးသည်။ပိုတက်စီယမ်ပါဝင်မှုကသွေးပေါင်ချိန်ကိုထိန်းညှိပေးကာ သွေးတိုးရောဂါကို ကာကွယ်ပေးသည်။သွေးတိုးရှိသူများ သဖန်းသီး ၄–၅ လုံးကိုနေ့စဉ်စားသင့်သည်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ ဗီတာမင် C နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အသားအရေတင်းရင်းမှုကို ထိန်းသိမ်းပေးပြီး ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးသည်။ အမျိုးသမီးများ သံဓာတ်ပါဝင်မှုက သွေးဆုံးချိန်လက္ခဏာများကို သက်သာစေပြီး မျိုးဥထွက်မှုကို ပုံမှန်ဖြစ်စေသည်။ အမျိုးသားများအတွက် ဇင့်နှင့် အမိုင်နိုအက်စစ်များက သုက်ပိုးထုတ်လုပ်မှုနှင့် လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်။ သဖန်းသီးစိမ်းများကို ချဉ်ပေါင် ဟင်းချက်ရာတွင် အသုံးပြုခြင်း၊ ဆားရည်စိမ်၍ တို့စရာအဖြစ် တို့စားခြင်းများ အသုံးပြု လေ့ရှိကြသည်။ရေသဖန်းပင်၏ အားကောင်းသောအမြစ်များက မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပေးပြီး မြစ်ကမ်းပါးများတွင် စိုက်ပျိုးလေ့ရှိသည်။ မြေဆီထိန်းသိမ်းရန် လေကာအဖြစ်လည်း စိုက်ပျိုး ထားလေ့ရှိကြသည်။ သဖန်းပင်သည် အာဟာရ၊ ဆေးဖက်ဝင်မှုနှင့် ဂေဟစနစ်အရ အရေးပါသော အပင်ဖြစ်ပြီး ရိုးရာဆေးပညာတွင် နှစ်ပေါင်းရာချီ အသုံးပြုခဲ့ကြောင်း ဗဟုသုတအဖြစ်ရေးသား ဖော်ပြလိုက်ရပါသည်။

 DOCA(မန္တလေး)