
မြင်းခြံမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းသီး သီးနှံကိုလည်း လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်ကျေးရွာ၊ ဘောလုံး၊ ကြက်လျှာကျေးရွာနှင့် ဒါးကျွန်း ကျေးရွာတို့တွင် မိသားစုတစ်ပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင်စိုက်ပျိုး၍ စိုက်ပျိုးပြီး (၂-၃)လအကြာတွင် အသီးသီးများစတင် သီးကြောင်း၊ အပင်ရေ (၂၅၀၀)ခန့် စိုက်ပျိုးထား ကြောင်း၊ ခရမ်းပင်တစ်ပင်လျှင် အထွက်နှုန်း (၂) ပိဿာ ကျော်ထွက် ရှိကြောင်း သိရှိရသည်။ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ခရမ်းသီးများကို မြင်းခြံမြို့နယ် အတွင်းရှိ အေးမြသီတာဈေးနှင့် စံပြဈေးများသို့ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ခရမ်းသီးတစ်ပိဿာလျှင် လက်လီဈေး (၃၅၀၀)ကျပ်၊ လက်ကားဈေး တစ်ပိဿာလျှင် (၃၀၀၀) ကျပ် ဖြင့်ရောင်းချကြောင်း၊ ခရမ်းသီးစားသုံး မှုများပြား၍ လူကြိုက်များသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ရာသီဥတု၊ မြေဆီလွှာ အခြေအနေပေါ်မူတည်၍ အသီးထွက်ရှိမှု ကွာခြားကြောင်း၊ အပင်ကို စနစ်တကျ ပြုစုစောင့်ရှောက်၍ ရေမှန်မှန်သွင်းပေးခြင်း၊ ပေါင်းသင်ခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နိုင်ပါကအထွက်နှုန်း(၃၀%)အထိတိုးကြောင်းသဘာဝမြေဩဇာဖြစ်သော(နွားချေး၊ ကြက်ချေး)နှင့် ဓာတ်မြေဩဇာ မျှတစွာသုံးပါက အသီးအရွယ်အစားကြီးထွားပြီး အထွက်နှုန်းကောင်းကြောင်း ခရမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
