Main menu

“သီးနှံများအား အခြောက်ခံဘို့ နေရောင်ခြည်စွမ်းအင်သုံး Solar Dryer Dome အား အသုံးပြုပါစို့”

Powered by Drupal

                    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ‌ရှေးယခင်ကပင် လယ်တွင်းကိုးခရိုင်တွင် တစ်ခု အပါအဝင်ဖြစ်ပြီး ဆည်၊မြောင်း၊ကန်၊ချောင်းများတည်ရှိသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ပြီး ခရိုင်အတွင်း အဓိကစိုက်ပျိုးသော သီးနှံများမှာ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်၊ ကြက်သွန်၊ဝါ၊နနွင်း စသည့်သီးနှံများအား ရာသီအလိုက် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည် ။ ၄င်းသီးနှံ များအနက် ကျောက်ဆည်ခရိုင်မှထွက်ရှိသော ကြက်သွန် ၊ ဝါနှင့်ငရုတ်သီးနှံများမှာ စျေးကွက်အတွင်း ဝယ်လိုအားကောင်းသော သီးနှံများအဖြစ်ထင်ရှားပါသည် ။ စိုက်ပျိုးထွက်ရှိလာသော သီးနှံများအား ယခင်က မိရိုးဖလာ နေရောင်ခြည်ကိုအသုံးပြုပြီး နေလှန်းအခြောက်ခံကာ မန္တလေးမြို့ နှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ သီးနှံပွဲရုံများသို့ ရောင်းချကြောင်း သီးနှံများအား နေရောင်ခြည်ကို အသုံးပြုပြီး နေလှန်းအခြောက်ခံရာတွင် (၇) ရက်ခန့် ကြာမြင့်ပြီး အများစုမှာ ပြည်သူများသွားလာရာ ကတ္တရာလမ်းမပေါ် နှင့် ကွင်းပြင်ကျယ်များတွင် နေလှန်းပြီး ထွက်ရှိလာသော သီးနှံမှာအရောင် မညီခြင်း ၊ အစိုဓာတ်မညီခြင်း ၊ သန့်ရှင်းမှုအားနည်းခြင်း ၊ အစိုဓာတ်ကြောင့် အယ်လဖာတော့ပ်ဆင် မှိုစိတ်ဖြစ်ပေါ်နိုင်သောကြောင့် တောင်သူများမှာ ဈေးကောင်းမရရှိခြင်း နှင့် စားသုံးသူပြည်သူများမှာ လည်းဘေးကင်းလုံခြုံမှုမရှိခြင်းတို့ဖြစ်ပေါ်လျက်ရှိပါသည်။ ယခုအချိန်တွင် ခေတ်စနစ်များ တိုးတက် လာသောကြောင့် ဒေသတွင်းလုပ်ငန်းရှင်များမှာ ယခင်သီးနှံများအား သဘာဝအတိုင်း နေလှန်း အခြောက်ခံရာမှ ယခုအချိန်တွင် Solar Dryer Dome တို့ဖြင့် သီးနှံများကို နေလှန်းအခြောက်ခံခြင်း လုပ်ငန်းများ လုပ်ကိုင်လာကြပါသည် ။ ထိုင်းနိုင်ငံမှထုတ်လုပ်သည့် Solar Dryer Dome အား မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ  A1 Family Factory တပ်ဆင်ပြီး ငရုတ် ၊ ကြက်သွန်(အဖြူ/နီ) သီးနှံများအား အခြောက်ခံပြီး အမှုန့်များပြုလုပ်ပြီး စျေးကွက်အတွင်းသို့ ဖြန့်ချီရောင်းချလျက်ရှိ ပါသည်။ ၄င်းကိရိယာ၌ မီးဖိုချောင်သုံး သီးနှံမျိုးစုံအား အခြောက်ခံနိုင်ကြောင်း ၊ ဒေသတွင်း လုပ်ငန်းရှင်များတောင်သူများမှ စိတ်ပါဝင်စားမှုရှိကာ မကြာခဏလာရောက်လေ့လာလေ့ရှိကြောင်း၊ Solar Dryer Dome ၏ နည်းပညာပိုင်း အနေဖြင့်(Green House Effect)အား သုံးစွဲထားကြောင်း၊ Solar Dryer Dome အမိုးပြား(PC Sheet)သည် နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည် နှင့် အနီအောက်ရောင်ခြည်တို့ကို ကာကွယ်ပေးထားသဖြင့် သီးနှံများ၏ မူလအရောင်အသွေး ပျက်စီးမှုမရှိဘဲ နေရောင်ခြည်၏ အပူချိန်အား (၅)ဆမြင့်တက်စေကြောင်း   လုပ်သားများဝင်ရောက် လုပ်ကိုင်ရာတွင် အန္တရာယ်မရှိနိုင်ကြောင်း၊ ငရုတ်သီး၊ အသားခြောက်၊ လက်ဖက်၊ ချဉ်ပေါင်၊ နနွင်း စသည့် အခြားစားသောက်ကုန်ပစ္စည်းများကို သန့်ရှင်းစွာခြောက်သွေ့စေသည့် စနစ်တစ်ရပ်ဖြစ် ကြောင်း ၊ ထုတ်ကုန်များကို လေဆိုး ၊ ဖုန်မှုန့် ပိုးမွှားများကပ်ညှိခြင်းမရှိဘဲ သန့်ရှင်းစွာခြောက်သွေ့ စေနိုင်ကြောင်း၊ Solar Dryer Dome တစ်ခုလျှင် အလျား(၆၀)ပေ၊အနံ(၄၀)ပေရှိပြီး ငရုတ်သီးနှံများ လှန်းပါကပိဿာ(၄၀၀၀)ခန့်နှင့်ကြက်သွန်(အဖြူ/နီ)ဆိုပါက(၁၂၀၀)ပိဿာခန့်ဆံ့ကြောင်း ၊ နေလှန်း အခြောက်ခံပါက(၃)ရက်ခန့်သာကြာသည့်အတွက် သီးနှံများအား  အချိန်တိုအတွင်း  ခြောက်သွေ့စေ ကြောင်း၊ ထိုသို့ခြောက်သွေ့ရာတွင် နေရောင်ခြည်တိုက်ရိုက်မထိသဖြင့် သီးနှံများ အရောင်မပျက် ၊ အနံ့အရသာပြောင်းလဲခြင်းမရှိဘဲ အရည်အသွေးမြင့် ထုန်ကုန်ရရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိပါသည် ။ A1 Family Factory စက်ရုံတွင် ငရုတ်၊ ကြက်သွန် သီးနှံများအား အဆိုပါ အခြောက်ခံ ကိရိယာဖြင့် အမှုန့်များပြုလုပ်ပြီး စျေးကွက်အတွင်း ဖြန့်ဖြူးလျက်ရှိပါသည် ။ ၄င်းစက်ရုံတွင် အမှုန့် ကြိတ်စက်(၄)လုံးရှိပြီး တစ်ရက်လျှင် ငရုတ်သီးအခြောက် (၂၀၀၀)ပိဿာခန့် အမှုန့်ကြိတ်ပြီး စျေးကွက်အတွင်းသို့ဖြန့်ဖြူးလျက်ရှိရာ ပြည်တွင်းသာမကဘဲ ပြည်ပနိုင်ငံဖြစ်သော ဂျပန်နိုင်ငံသို့ပါ တင်ပို့ရောင်းချလျက်ရှိပါသည်။ယခုအချိန်တွင်ငရုတ်သီးများစတင်ထွက်ပေါ်လျက်ရှိရာကျောက်ဆည် ခရိုင်အတွင်းသာမက ဧရာဝတီတိုင်း ၊ အောင်ပန်း၊ပခုက္ကူ၊ပျော်ဘွယ်၊မိတ္ထီလာဒေသများမှထွက်ရှိသည့် ငရုတ်သီးအစိုများအား ဝယ်ယူလျက်ရှိရာ စျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၃၅၀၀/-)ကျပ် စျေးဖြင့် ဝယ်ယူကြောင်း၊ဒေသတွင်းတောင်သူများမှာ ယခင်ကသီးနှံများအားနေရောင်ခြည်ဖြင့်အခြောက်ခံပြီး ‌စျေးကွက်ရှိရာသို့ သွားရောက်ရောင်းချသဖြင့် အချိန်ကုန်ပြီး ကုန်ကျစရိတ်များကြောင်း ၊ ယခုအခါ တွင်စိုက်ခင်းထဲမှထွက်ရှိသော သီးနှံများအားနေလှန်းအခြောက်ခံခြင်းမရှိဘဲ သီးနှံအစိုအားတိုက်ရိုက် ရောင်းချသောကြောင့် ကုန်ကျစရိတ်နည်းပြီး တောင်သူများအတွက် တွက်ခြေကိုက်ကြောင်း ၊ ကျောက်ဆည်ခရိုင်အတွင်း အဆိုပါ Solar Dryer Dome အား A1 Family Factory စက်ရုံအပြင် အခြားလုပ်ငန်းရှင်များမှလည်း တပ်ဆင်အသုံးပြုလျက်ရှိပါသည် ။ စိုက်ပျိုးရေးထွက်ကုန် အသီးအနှံ များအပြင် အစာအာဟာရ ထုတ်ကုန်များ၊ ငါးခြောက်၊ အသားခြောက်စသည်များကို Solar Dryer Dome ဖြင့် အသုံးပြု အခြောက်ခံနိုင်ပြီး သန့်ရှင်းသော ၊ မှိုဆိပ်ကင်းသော ၊ အစိုဓာတ်ပါဝင်မှု နည်းသော ကုန်ပစ္စည်းများကို ရရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရုံသာမက ဒေသခံ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်သော သီးနှံများကို သုံးစွဲနိုင်မှာဖြစ်သည့် အတွက် သီးနှံများအား နေရောင်ခြည်စွမ်းအင်သုံး Solar Dryer Dome ကိရိယာအား အသုံးပြုသင့် ပါကြောင်းရေးသားအပ်ပါသည်။

DOCA(မန္တ‌လေး)