
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ပြောင်းချိုပင်ကို စိုက်ပျိုးကြပါသည်။
ပြောင်းချိုပင်စိုက်ပျိုးသည့်မျိုးမှာ နှင်းဆီရွှေ မျိုးဖြစ်ပြီး မျိုးစေ့တိုက်ရိုက်ချစနစ်ဖြင့်ပျိုးထားပြီး မြေကျင်းဖွဲ့စိုက်ပျိုးသည့် စနစ်ကို အသုံးပြု၍ စိုက်ပျိုးထားပါသည်။ ပြောင်းချိုပင်ကို တစ်ကျင်းလျှင် (၂)စေ့ခန့် စိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် ဧကဝက် အပင်ရေ(၈၀၀၀)ခန့် စိုက်ပျိုးထားရှိပါကြောင်း၊ စိုက်ပျိုးပြီး တစ်ကြိမ်ရေသွင်းခြင်း၊ သွင်းအားစု ထည့်ခြင်းများ ဆောင်ရွက်ရပြီး မျိူးစေ့ဖိုးအပါအဝင် စိုက်ပျိုးမြေပြုပြင်ခြင်း၊ ရေပေးသွင်းခြင်းနှင့်အလုပ်သမားငှားရမ်းခြင်း စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် (၁၀)သိန်း ခန့်ကုန်ကျပါကြောင်း၊ အပင်အရေအတွက်(၈၀၀၀)ဖြစ်သည့်အတွက် ပြောင်းချိုအဖူးအနည်းဆုံး (၆၀၀၀)ဖူးထွက်ရှိမည်ဖြစ်ပြီး ပြောင်းချို(၁)ဖူးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချရလျှင် သိန်း(၃၀) ခန့်ရရှိမည်ဖြစ်၍ အကျိုးအမြတ်အနေဖြင့် ပြောင်းချိုပင် ဧကဝက်စိုက်လျှင် ငွေကျပ်သိန်း(၂၀) အကျိုး အမြတ်ရရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော ပြောင်းချိုဖူး ဈေးနှုန်းများမှာ ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၈၀၀)ကျပ်၊ အဖူးလတ် တစ်ဖူးလျှင်(၇၀၀)ကျပ် နှင့် အဖူးသေး တစ်ဖူးလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
