
တောင်သာမြို့နယ်ရှိ ကြက်သွန်နီ(မိုး)သီးနှံများကို ထန်းပင်ကန်ရွာ၊ ခါးတက်ကုန်းရွာ၊ ကြာပို့ရွာ၊ ဇရပ်ကြီးရွာ၊ ဘုရားလှရွာနှင့် ရုံးစည်ကြီးကျေးရွာစသည်တို့တွင် စိုက်ပျိုးထားရှိကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကြက်သွန်နီ(မိုး)ကို စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ကြက်သွန်နီ (မိုး) စိုက်ပျိုးထားရှိမှုမှာ (၂၈၀)ဧက စိုက်ပျိုးထားရှိပြီး၊ ယခင်နှစ်စိုက်ဧကထက် ယခုနှစ်တွင် (၅၅) ဧကကျော် ပိုမိုစိုက်ပျိုးထားရှိကြောင်း၊ အစိုဓာတ်ရှိသော မြေအမျိုးအစားတွင် စိုက်ပျိုးဖြစ် ထွန်းကြောင်း၊ ပျိုးထောင်၍စိုက်ပျိုးကြောင်း၊ ပျိုးပင်သက် (၄၅-၅၀)ရက်သားတွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြောင်း၊ ပင်ကြား၊ တန်းကြား(၃လက်မ) အကွာအဝေးဖြင့် စိုက်ပျိုးကြောင်း၊ ယခင်နှစ် ကြက်သွန်နီ(မိုး) တစ်ဧက အထွက်နှုန်းအနေဖြင့် (၂၁၀၀) ပိဿာခန့် ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ကြက်သွန်နီမိုး တစ်ပိဿာလျှင် (၈၀၀-၂၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ ကြက်သွန်နီ (မိုး)သည် ကြက်သွန်နီ (ဆောင်း) သီးနှံကုန်ဆုံးချိန်တွင် စားသုံးရန်အတွက် အစားထိုးစိုက်ပျိုးသော သီးနှံဖြစ်ကြောင်း၊ ယခုနှစ်ကြက်သွန်နီ (မိုး)သီးနှံများ စိုက်ပျိုးချိန်တွင် မိုးများသောကြောင့် စိုက်ခင်းတွင်နောက်ကျ၍ စိုက်ပျိုးရကြောင်း၊ မြေအမျိုးအစား၊ စိုက်ပျိုးသည့် နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်မည်ဖြစ်ကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
