
ချင်းကို မြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးကြရာ တောင်ပေါ်ဒေသများတွင်အများဆုံး စိုက်ပျိုးကြပါသည်။ ချင်း(ဂျင်း)ကို ဟင်းခတ်အမွှေးအကြိုင်၊ တိုင်းရင်းဆေးများဖော်စပ်ရာတွင် အသုံးပြုကြပါသည်။ ချင်းကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် အနည်းငယ်စိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သာစည်မြို့နယ်ချင်းစိုက်ဧက (၂၆၃)ဧကစိုက်ပျိုးထားရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦီးစီးဌာနစာရင်းအရ သိရပါသည်။
ချင်းကို မေလနှင့်ဇွန်လများတွင်စိုက်ပျိုးကြကြောင်း၊ ဒေသတွင်းမှာ အနည်းငယ်သာထွက်ရှိသဖြင့် ဈေးကွက်တွင် ရှမ်းပြည်နယ် အောင်ပန်း၊ ဟဲဟိုး၊ နာမ့်ဆန်မှအဝင်များကြောင်း၊ မိတ္ထီလာဈေးကွက်အတွင်းသို့ တစ်လလျှင်ကုန်ချိန်ပိဿာ(၂၅၀၀၀)မှ(၆၀၀၀၀)ခန့် ထိဝင်ရောက်လျက်ရှိကြောင်း၊ ချင်းဈေးနှုန်းအနေဖြင့် ပွဲရုံလက္ကားဈေး အနှိမ့်စတစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ထိပ်စတစ်ပိဿာလျှင်(၂၇၀၀)ကျပ်ဈေး၊ လက်လီ တစ်ပိဿာ လျှင်(၄၀၀၀-၅၀၀၀) ကျပ်၊ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင်ချင်း ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ပြည်ပဝယ်လိုအားရှိလျှင် ဈေးနှုန်းမြင့် တက်လာနိုင်ကြောင်း ချင်းပွဲရုံများမှ သိရှိရပါသည်။
DOCA(မန္တလေး)
