Main menu

မွန်ပြည်နယ်တွင်ဆန်စပါးအစိုဓာတ် တိုင်းတာရေးနောက်ကြောင်းပြန် ခြေရာခံစနစ်အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

၂၀၁၉ ခုနှစ် ၊ ဇွန် ၂၁

            မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓာတ် တိုင်းတာရေးနောက်ကြောင်းပြန် ခြေရာခံစနစ် တည်ထောင်ရန်အတွက် ဂျပန်နိုင်ငံ JICA ၏အကူအညီဖြင့် ပညာရေးဝန်ကြီးဌာနရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အဆိုပါစနစ်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကျင်းပ ပြုလုပ်လျက်ရှိပါသည်။ ဆန်စပါးအစိုဓာတ်တိုင်းတာရေး နောက်ကြောင်းပြန် ခြေရာခံစနစ် အကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး ရုံးတွင် ၂၀.၆.၂၀၁၉ ရက်နေ့၌လည်းကောင်း၊ မွန်ပြည်နယ်ဦးစီးမှူးရုံးတွင် ၂၁.၆.၂၀၁၉ ရက်နေ့၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်တွင်းစျေးကွက်တွင် ဆန်စပါးရောင်းဝယ်ဖောက်ကားရာ၌  အစိုဓါတ်ပေါ်မူတည်၍ အကဲဖြတ်စစ်ဆေးကြရာ အစိုဓာတ်များလျှင် စပါးပေါင်ပိုပေးရခြင်း၊ စျေးနှိမ်ခံရခြင်းများ ကြုံတွေ့ ကြရသောကြောင့် တိုင်းတာကိရိယာများမှန်ကန်မှုမရှိပါက ရောင်းသူဝယ်သူ တစ်ဖက်ဖက်တွင် နစ်နာမှုများရှိ၍ နှစ်ဦးနှစ်ဖက်ကူးသန်းရောင်းဝယ်မှုပြုရာတွင် မမျှတမှုများဖြစ်ပေါ်နိုင်ပါသည်။ ထိုကြောင့် မျှတသောကုန်သွယ်မှု (Fair Trade) ဖြစ်ပေါ်စေရန် အစိုဓါတ်တိုင်းကိရိယာများကို နောက်ကြောင်းပြန်ခြေရာခံသည့်စနစ်တည်ထောင်ရန်လိုအပ်မှုနှင့် အဆိုပါစနစ်နှင့်ပတ်သတ်သည့် အချက်အလက်များကို သိရှိစေရန်ရည်ရွယ်၍ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး ၊စစ်ကိုင်းနှင့် မွန်ပြည်နယ်များတွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ငွေ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာ မျိုးအောင်ကျော် က "Significance of Grain Moisture Content Instrument in Postharvest Handling and Trading" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနလက်အောက်ရှိ NIMM မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းတင့်က "ဆန်စပါးတွင် ပါဝင်သော အစိုဓာတ်ကို တိုင်းတာသည့် ကိရိယာများအား ကွင်းဆက်မပြတ်စံဖြင့် တိုင်းကြည့်စစ်ဆေးခြင်း " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင် က "တိကျသော ဆန်စပါးအစိုဓာတ်တိုင်းတာခြင်းစနစ်" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ပါသည်။

            ထို့နောက် Kett Electric Laboratory မှ မန်နေဂျာ Mr. Yoshida က စီမံကိန်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး (Japan Development Service-JDS) မှ Mr. Nishi Zaki က စီမံကိန်းကာလအတွင်း တောင်သူ၊ ကုန်သည်၊ စက်ပိုင်များထံမှ စစ်တမ်း ကောက်ယူရရှိခဲ့သည့် အခြေအနေများ နှင့် အစိုဓာတ်တိုင်းတာသည့် စက်ကိုအသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ ကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော တောင်သူလယ်သမားများ၊ ကုန်သည်ပွဲစားများနှင့် ဆန်စက် လုပ်ငန်းရှင်များမှ မေးမြန်း ဆွေးနွေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ငွေနှင့် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာ မျိုးအောင်ကျော် တို့က ဖြေကြားခဲ့ကြပါသည်။