
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီဈေးနှုန်းမှာ အောက်တိုဘာလအတွင်း လက်ရှိတွင် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့်သာ ရောင်းချနေရခြင်းကြောင့် ယခုနှစ်ကြက်သွန်နီစိုက်ပျိုးရာသီတွင် စိုက်ပျိုး သူနည်းပါးသွားနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ကန်ပတ်လည်အုပ်စု၊ မုန့်ကုန်းကျေးရွာရှိ ကြက်သွန်နီစိုက်ပျိုးသူများထံမှ သိရသည်။ ဆောင်းကြက်သွန်နီဈေးနှုန်းများမှာ ဧပြီလ၊ မေလ ပထမပတ်တို့တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်ထိ ရောင်းချခဲ့ရပြီး မေလဒုတိယပတ်မှ အောက်တိုဘာလ ပထမပတ်ထိ ကြက်သွန်နီဈေးနှုန်းမှာ ၁၀၀၀ ကျပ်ခန့်ဖြင့်သာ ရောင်းချနေရခြင်း ကြောင့် ကြက်သွန်နီစိုက်ပျိုးတောင်သူများ ယခုနှစ်စိုက်ပျိုးရန် အရင်းအနှီးအခက်အခဲများဖြစ်နိုင် ကြောင်း ကြက်သွန်စိုက်တောင်သူများမှရှင်းလင်းခဲ့ပါသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်း ကြက်သွန်နီခေါ် လှောင်ကြက်သွန်နီအများအပြား စိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်းတစ် လျှောက်စိုက်ပျိုးခြင်း၊ ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးခြင်း၊ ရေဆုံးအုပ်စု ကျေးရွာများတွင် စိုက်ပျိုးခြင်းနှင့်စိတ္ထိန်း၊ ကမ်းဖြူကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ ဆောင်းကြက် သွန်နီတစ်သီးစိုက်ပျိုးရန် ပျိုးထောင်ချိန်မှ စိုက်ပျိုးချိန်၊ နှုတ်သိမ်းချိန်ထိ အချိန်ကာလအားဖြင့်(၆)လ ကျော် ကြာမြင့်ကြောင်း၊ ဆောင်းကြက်သွန်မျိုး စတင်ပျိုးထောင်ချိန် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပျိုးထောင်ကြပြီး ပျိုးသက်(၄၅)ရက်ရှိလျှင် ကြက်သွန်စိုက်ခင်းအတွင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရကြောင်း၊ ရွေ့ပြောင်းမစိုက်ပျိုးခင်အချိန်ထိ ထွန်ရေးညက်အောင်ထွန်ယက်ရခြင်း၊ မြေဆီ၊ မြေဩဇာနှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူး တွင်းဖော်ရခြင်းမျာ ကြိုတင်လုပ်ဆောင်ထားရကြောင်း၊ စိုက်ပျိုးချိန်တွင် ပျိုးနှုတ်ရန် အလုပ်သမားငှားရမ်းရခြင်း၊ စိုက်ပျိူးရန် အလုပ်သမားအမြောက်အများ ငှားစိုက်ရခြင်းများက ကြက်သွန်နီစိုက်ျပျိုးသူများ ငွေကုန်ကြေးကျများသည့် လုပ်ငန်းဖြစ်သော်လည်း နှစ်စဉ်နှစ်တိုင်းစိုက်ပျိုးနေကြဖြစ်ကြောင်း ညောင်ဖြူပင်ကျေးရွာ ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။ ဆောင်းကြက်သွန်နီ ဈေးနှုန်းများမှာ (၂)နှစ်ဆက်တိုက် ဈေးကျ၍ အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ဈေးနှုန်းကောင်းကို မျှော်လင့်နေကြကြောင်း၊ သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်နီဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိတတ်သော်လည်း သီတင်းကျွတ်လတွင် ၁၀၀၀ ကျပ် ဝန်းကျင်သာ ဈေးများဖြစ်ပေါ်ခဲ့သဖြင့် ကြက်သွန်စိုက်ပျိုးသူများ ထုတ်ရောင်းရမလို၊ ဆက်၍သိုလှောင် ထားရမလိုဖြစ်နေကြောင်း မြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိူးသူများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
