
မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရင်းဂစ် ၂၈၅.၂ ဘီလီယံခန့် လက်ခံခဲ့ကြောင်း မလေးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။ မလေးရှားနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများသည် ယခင်နှစ် အစောပိုင်းကာလများနှင့် နှိုင်းယှဥ်လျှင် ၁၃.၂ ရာခိုင်နှုန်းခန့်မြင့်တက်လာပြီး အဆိုပါမြင့်တက်ခြင်းသည် မလေးရှားနိုင်ငံနိုင်ငံရေး တည်ငြိမ်မှုနှင့် မူဝါဒလမ်းကြောင်းများအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပြသနေကြောင်း ဝန်ကြီး Tengku Datuk Seri Zafrul Abdul Aziz က ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုများ၏ အများစုသည်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး စင်္ကာပူနိုင်ငံသည် ရင်းဂစ် ၅၂.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုဖြင့် ထိပ်သီးနိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၄၃ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သိရပါသည်။ အတည်ပြုပြီးခဲ့သော ရင်းနှီးမြှုပ်နှံမှုများ၏ ၃ ပုံ ၂ ပုံခန့် သည် ဝန်ဆောင်မှုကဏ္ဍများ တွင်ဖြစ်ပြီး ကျန် ၃ ပုံ ၁ ပုံခန့်သည် ထုတ်လုပ်ရေးကဏ္ဍများတွင် ဖြစ်ကြောင်း သိရပါသည်။ ကျန်ရှိနေသော ၁ ရာခိုင်နှုန်းကို သတ္ထုတူးဖော်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများကဲ့သို့ အဓိကစီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလျက်ရှိကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုများကို စီမံကိန်း ၄၈၀၀ တွင် အသုံးပြုမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၂၀၀၀ ခန့် ဖန်တီးပေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့အစည်း (Mida) ၏ ပြောကြားချက်များအရ သိရပါသည်။ Mida သည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ရင်းဂစ် ၃၉.၄ ဘီလီယံခန့်ကို ပြုလုပ်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း အဆိုပါအေဂျင်စီ၏ အမှုဆောင်အရာရှိချုပ်ဆိုသူ Datuk Sikh Shamsul Ibrahim Sikh Abdul Majid ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
