Main menu

တောင်သူအကျိုးဖြစ်ထွန်းရေး နေကြာပင်ကိုစိုက်ပျိုးပေး

Powered by Drupal

နေကြာပင်

          နေကြာပင်သည် တစ်နှစ်ခံအပင်အမျိုးအစားဖြစ်ပြီး နှစ်စဉ်စိုက်ပျိုးရန် လိုအပ်ပါသည်။ နေကြာပန်းသည် နေထွက်ရာဘက်သို့ မျက်နှာမူ၍ ပွင့်သောကြောင့် Sun Flower ဟုခေါ်ဆို ခြင်းဖြစ်သည်။ အချို့နေကြာပင်များသည် အမြင့်ပေအားဖြင့် ၁၀ ပေခန့်အထိမြင့်ပြီး နေကြာပန်း တစ်ပွင့်လျှင် နေကြာစေ့ ၁၀၀၀ ခန့် ပါလေ့ရှိသည်။

          နေကြာပန်း၏ ပန်းဝတ်မှုန်နှင့် ပန်းဝတ်ရည်များကို ပျားများအထူးနှစ်သက်ကြသဖြင့် နေကြာခင်းများအကြားတွင် ပျားမွေးမြူရေးသေတ္တာများကို ချထားခြင်းအားဖြင့် ပျားရည်နှင့် ပျားဝန်မှုန်အများအပြားကို ရရှိနိုင်ပါသည်။ နေကြာစိုက်ပျိုးခြင်းကို ပျားမွေးမြူရေးနှင့် တွဲဖက် လုပ်ကိုင်ပါက ဝတ်မှုန်ကူးခြင်းအောင်မြင်ကာ နေကြာပန်းများ ပိုမိုဖွံထွား၍ နေကြာအထွက်နှုန်း ပိုမိုကောင်းမွန်စေပါသည်။

နေကြာပင်ပေါက်ရောက်ရာနေရာများ

          မြန်မာနိုင်ငံ၌ နှမ်း၊ မြေပဲနှင့် နေကြာတို့သည် အဓိက ဆီထွက်သီးနှံများဖြစ်ရာ နေကြာသည် နိုင်ငံတစ်ဝန်းလုံး နေရာမရွေး စိုက်ပျိုးအောင်မြင်နိုင်သည့် သီးနှံဖြစ်ပါသည်။ ပြည်တွင်းစားသုံးဆီ ဖူလုံရေးနေကြာသီးနှံကို သီးထပ်၊ သီညှပ်စိုက်ပျိုး ထုတ်လုပ်ကြရန် လိုအပ် လျက်ရှိပါသည်။ ကမ္ဘာပေါ်မှာ နေကြာပင် စိုက်ပျိုးမှုအများဆုံး နိုင်ငံများမှာ ယူကရိန်းနိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံတွင် မူ နေရာအနှံ့အပြားစိုက်ပျိုးကြပြီး အများအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံး စိုက်ပျိုးလျှက်ရှိပါသည်။

နေကြာပင်စိုက်ပျိုးပုံ

နေကြာသည် မြေအမျိုးအစားအမျိုးမျိုးတွင် ပေါက်ရောက်နိုင်သော်လည်း သဲနုန်း မြေစေး၊ နုန်းမြေနှင့် သဲနုန်းမြေတို့တွင် စိုက်ပျိုးပါက အထူးသန်စွမ်းကောင်းမွန်သည်။ သဲမြေဆန်သည့် မြေနီသဲဝန်းနှင့် ရွှံ့စေးမြေတို့တွင် နေကြာပင်ကို မစိုက်ပျိုးသင့်ပေ။ မြေအချဉ်အငန်ဓာတ် (၆-၇) တို့သည် နေကြာစိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။ ဆား ငန်မြေ၊ ဆပ်ပြာပေါက်မြေများတွင် စိုက်ပျိုးပါက အပင်ကြီးထွားမှုနှင့် ဆီပါဝင်မှုကို ထိခိုက်နိုင်ပေသည်။ နေကြာသည် အပူချိန် (၂၀-၂၅) ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းစွာ ဖြစ်ထွန်းသည်။ နေကြာကို မိုးရာသီနှင့် ဆောင်းရာ သီများတွင် သီးထပ်သီးညှပ်ပုံစံအမျိုးမျိုးဖြင့်နိုင်သည့် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးစပါးအပြီး နေကြာသီးထပ် အဖြစ်လည်းကောင်း၊ ပဲမျိုးစုံဖြင့် သီးညှပ်အဖြစ် လည်းကောင်း စိုက်ပျိုးကြသည်။ စိုက်ပျိုးသူ တောင်သူများအနေဖြင့် စိုက်ပျိုးရလွယ်ကူပြီး စိုက်ပျိုးစရိတ်သက်သာ၍ အကျိုးအမြတ် ရရှိနိုင်သော သီးနှံဖြစ်သည့်အတွက် နေကြာကို တိုးချဲ့စိုက်ပျိုးရန် ရွေးချယ်လာကြသည်။ နေကြာကို သက်လျင်နှင့် သက်လတ်စပါးမျိုး များ ရိတ်သိမ်းအပြီး မြေအစိုဓာတ် မခန်းခြောက်မီ သီးထပ်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ ယာသီးနှံ များဖြစ်သော မိုးမြေပဲ၊ နှမ်းလျင်၊ သက်လျင်၊ ပဲတီစိမ်းနှင့် ပြောင်းဖူး စသောသီးနှံများ ရိတ်သိမ်းပြီးချိန်၌လည်း သီးထပ်အဖြစ် စိုက်ပျိုးနိုင်သည်။ နေကြာကို ဂျုံ၊ ပဲတီစိမ်း၊ ကြံ၊ ပဲစင်းငုံစသော သီးနှံများ၏ တန်းကြားတွင် သီးညှပ် အဖြစ်လည်း စိုက်ပျိုးကြသည်။

နေကြာမှ ထုတ်ကုန်များ

နေကြာမှ နေကြာဆီကို ထုတ်လုပ်နိုင်ပြီး ဘူးသွတ်၍ အဆင့်မြင့်နေကြာဆီ အဖြစ်လည်းကောင်း၊ နေကြာစေ့ကို လှော်၍ နေကြာစေ့လှော်ထုတ်ကုန်အဖြစ်လည်း ကောင်း ထုတ်လုပ်၍ အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ဈေးကွက်၌ တွင်ကျယ်စွာ ရောင်းချ လျက်ရှိသည်။ ထို့အပြင် ဆီကြိတ်၍ ကျန်ရှိသည့် နေကြာစေ့ကြိတ်ဖတ်များကို တိရစ္ဆာန်စာ အဖြစ်လည်း ကောင်း၊ အော်ဂဲနစ်စိုက်ပျိုးရေး သုံးမြေသြဇာအဖြစ်လည်းကောင်း၊ ဇီဝလောင်စာများ အဖြစ် အသုံးပြုနိုင်ပါသည်။

နေကြာဆီထုတ်လုပ်ခြင်း

          အရည်အသွေးမြင့်မားသည့်  နေကြာဆီရရှိစေရန် အရည်အသွေးမြင့်သော  နေကြာစေ့ များကို ကြိတ်ချေရပါမည်။ နေကြာဆီထုတ်လုပ်ပုံ အဆင့်ဆင့်မှာ အရောင်ချွတ်ခြင်း မှစတင်ပြီး အနံ့ဆိုး နှင့်  သန့်စင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့် ရှိပါသည်။ ရွေးချယ်ထားသော အစေ့များကို ဆေးကြောပြီး အခြောက်ခံကာ အခွံများကိုဖယ်ရှားခြင်းကို လုပ်ဆောင်ရသည်။ နေကြာဆီ အတွက် နေကြာစေ့အခွံများမှာ ပါးလွှာနေလျင် ပါဝင်သောအစေ့ ကောင်းမွန်ပြီး ဆီထုတ်လုပ်ရာတွင် ပိုမိုထွက်ရှိသည်ဟု ပညာရှင်များဆိုကြသည်။ နေကြာဆီထုတ်လုပ်တဲ့အခါ နေကြာစေ့မှာ  ပထမအဆင့်အနေဖြင့် အပူနှင့်ဓါတ်ပြုစေတတ်သည့် အဆိပ်အတောက်ဖြစ်စေနိုင်သည့် အရာများကို ဖယ်ရှားခြင်း၊ ဒုတိယအဆင့်အနေဖြင့် အနည်ထိုင်စေတဲ့ နည်းလမ်းကို သုံးပြီး ဖယ်ထုတ်ခြင်း၊ တတိယအဆင့်အနေဖြင့် ဆီမှ မကောင်းသည့် အနံ့အသက်များကို သန့်စင်ခြင်း၊ စတုတ္တအဆင့်အနေဖြင့် အအေးခံခြင်းစနစ်ဖြင့် ကျန်ရှိနေသည့် နေကြာကြိတ်ဖတ် များကို အေးခဲစေခြင်းဖြင့် ဖယ်ထုတ်ခြင်း၊  နောက်ဆုံးအနေဖြင့် အပူချိန် 5 degree Celsius အောက်သွားသည့်အခါ အရောင်ကြည်လင်မှုမရှိဘဲ နောက်တက်လာပါက ဆီထဲတွင် ဖယ်ရှားရန် လိုအပ်နေသည့်အတွက် နောက်ဆုံးအဆင့်အနေဖြင့် စစ်ထုတ်ခြင်းများ ဆောင်ရွက်ရပါသည်။ အသုံးပြုသည့် ကုန်ကြမ်း၊ လုပ်သားကျွမ်းကျင်မှုနှင့် အသုံးပြုသည့် စက်၏ အရည်အသွေးပေါ် မူတည်၍ နေကြာဆီ၏ အရည်အသွေးသည် ကွားခြားမှုများ ရှိနိုင်ပါသည်။

ကျန်းမာရေးအတွက်အသုံးဝင်ပုံ

          နေကြာဆီသည်ကျန်းမာရေးအတွက်  အထူးသင့်တော်သည့် စားသုံးဆီတစ်မျိုးဖြစ်သည်။ နေကြာဆီတွင် ဗီတာမင်အီးနှင့် ဗီတာမင်ကေတို့ ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံးအား ကောင်းခြင်း၊ အရေပြားစနစ်အားကောင်းခြင်း၊ အသားအရည်လှပစေခြင်း၊ ဆံကေသာ ကောင်းမွန်စေခြင်း၊ အဆစ်အမျက် ရောင်ရမ်းခြင်းကို ကာကွယ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ      သက်သာစေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန် စေခြင်း၊ အစာချေစနစ်ကို အားကောင်းစေခြင်း၊အရေပြား စိုပြေလှခြင်း၊ ပါရေတွန့်ခြင်းမှ ကာကွယ်ပေးနိုင်သည်။  နေကြာဆီကို ဆံပင်တွင် လိမ်းပေးပါက ဆံပင်နူးညံ့ ပျော့ပြောင်း စေခြင်း၊ ဆံပင်ကျွတ်ခြင်းကို သက်သာစေခြင်းစသည့် အကျိုးကျေးဇူး များကို ရရှိစေနိုင်ပါသည်။

နိဂုံးချုပ်

နိုင်ငံတော်စားရေရိက္ခာပေါများရေးသည် အမျိုးသားရေး ပန်းတိုင်တစ်ရပ် ဖြစ်သည့် အတွက် အလေးအနက်ထားကာ ဆီထွက်သီးနှံ နေကြာစိုက်ပျိုး ထုတ်လုပ်မှု တိုးတက် မြင့်မားရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စုပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြ ရမည် ဖြစ်ပါသည်။ ပြည်တွင်းစားသုံးဆီ သုံးစွဲမှုအနေဖြင့် လူတစ်ဦးလျှင် တစ်နှစ်ကို ဆီစားသုံးမှု ၉ ပိဿာနှုန်း စားသုံးမှုရှိပါက ပြည်ပသို့ ဆီထွက်သီးနှံတင်ပို့ခြင်းမပြုဘဲ ပြည်တွင်းမှ ထွက်ရှိသည့် ဆီထွက်သီးနှံအားလုံးကို ဆီကြိတ်နိုင်မည်ဆိုလျှင် ဆီဖူလုံမှုမှာ ၁၀၇ ရာခိုင်နှုန်းရှိသည်။ ဆီထွက်သီးနှံ ပြည်ပတင်ပို့မှုကို နုတ်ဖယ်ပြီးတွက်ချက်ပါက ဆီဖူလုံမှု ၉၆ ရာခိုင်နှုန်း ရှိသည်။ ပြည်ပမှ စားအုန်းဆီကို တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေသုံးစွဲရမှုကို လျှော့ချ နိုင်မည်ဖြစ်သလို ပြည်သူများအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ကျန်းမာရေးနှင့် ညီညွတ်သော နေကြာဆီကို သင့်တင့်သောဈေးနှုန်းဖြင့် အသုံးပြုလာနိုင်မည်ဖြစ်သည်။ နေကြာ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းသည် တောင်သူများ၊ ဆီစက်လုပ်ငန်းရှင်များအတွက် ဝင်ငွေရ တွက်ခြေကိုက်သကဲ့သို့ ထုတ်လုပ်မှုကွင်းဆက်အတွင်း ဒေသခံများအတွက်လည်း အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)