
အာဒါလွတ်ဥသည် အပူပိုင်းဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်သော သစ်ဥသစ်ဖု တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့အပြား၌စိုက်ပျိုးလျက်ရှိပါသည်။ အာဒါလွတ်ဥသည် ဩဂုတ်လနှင့်စက်တင်ဘာလများတွင် အပွင့်ပွင့်ချိန်ဖြစ်ပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် တူးဖော်ကြပါသည်။ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မဈေးအတွင်း ရောင်းချလျက် ရှိသော အာဒါလွတ်ဥများကို ဖြူးမြို့နယ် အတွင်းတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။
အာဒါလွတ်ဥသည် ကျန်းမာရေးအတွက် သင့်တော်သည့်အစားအစာဖြစ်သော်လည်း ကိုယ်လက်ကိုက်ခဲသူများ၊ အဆစ်အမြစ်နာနှင့်ဂေါက်ရောဂါရှိသူများအတွက် စားသုံးရန် မသင့်ကြောင်းသိရပါသည်။ အာဒါလွတ်ဥသည် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် အစာအိမ် အူလမ်းကြောင်းနှင့် ရောဂါများအတွက် အထူးသင့်တော်သော ဓာတ်ပြုစာတစ်မျိုးဖြစ်ပါသည်။ အာဒါလွတ်ဥကိုပြုတ်ပြီးသောအခါ နှမ်းဖြင့်ထောင်း၍လည်းကောင်း၊ ဆီနှင့်ဆားထည့်၍ လည်းကောင်း အမျိုးမျိုးနှစ်သက်သလိုစားသုံးနိုင်ပါသည်။
ဖြူးမြို့နယ်အတွင်းရှိ မြို့မဈေးအတွင်းရောင်းချလျက်ရှိသော အာဒါလွတ်ဥများအား ယခင်နှစ်က အာဒါလွတ်ဥသေး ၁ ပိဿာလျှင် ၃၀၀၀ ကျပ်၊ အာဒါလွတ်ဥကြီး ၁ ပိဿာလျှင် ၅၀၀၀ ကျပ်ထိရှိပြီး ယခုနှစ် ပေါ်စအချိန်တွင် အာဒါလွတ်ဥသေး ၁ ပိဿာလျှင် ၂၀၀၀ ကျပ်၊ အာဒါလွတ်ဥကြီး ၁ ပိဿာလျှင် ၄၀၀၀ ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(ပဲခူး)
