
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချသောဆိုင်နှင့် မုန့်မျိုးစုံဆိုင်များသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသင့်သောက်အချိုရည် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား နိုဝင်ဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးစိုးဝင်းဦးတို့ ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချသောဆိုင်များသို့ အသင့်သောက်အချိုရည်အမျိုးမျိုးများဖြစ်သော STING အားဖြည့်အချိုရည်၊ MAX အသင့်သောက် အချိုရည်၊ BLUE MOUN TAIN ကိုလာအရသာအချိုရည်၊ TARGET အားဖြည့်အချိုရည်၊ SPRITE သံပုရာသီးအနံ့အရသာအချိုရည်တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့် အညီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် အသင့်သောက်အချိုရည်အမျိုးမျိုးအပါအဝင် အခြားကုန်စည်များကိုလည်း ရောင်းချခြင်းမပြုလုပ်ကြရန် ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
