
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်ပစ္စည်းများအား စိတ်ကြိုက်ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် ကုန်စည်၏ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံစွာရရှိပြီး စိတ်ကျေနပ်မှုရရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြထားမှုရှိ/ မရှိအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လစဉ်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိရာ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အသင့်သောက်အချိုရည် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချသော အမှတ်(၄)ရပ်ကွက်၊ စနေလမ်းရှိ လန်းဆန်းစတိုးဆိုင်နှင့် အချိုရည်ရောင်းချသော ဈေးဆိုင်များရှိ အသင့်သောက်အချိုရည်များတွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်ခြင်းရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိ/ မရှိလည်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကို ရောင်းချခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ပူးပေါင်းပါဝင်ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
