Main menu

ငါန်းဇွန်မြို့နယ်၌ မိုးမြေပဲများ ရိတ်သိမ်းပြီးစီး

Powered by Drupal

           မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံနှင့် စားဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသီးနှံများမှ ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီတွင်စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်မိုးမြေပဲစိုက်ပျိုးမှုအနေဖြင့် (၂၁၅၈၇)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၂၂၂၆၉)ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ မျိုးအသုံး ချမှုအနေဖြင့် တစ်ဧကလျှင်(၁၈)ပြည်ခန့်ထည့်သွင်းစိုက်ပျိုးကြပါသည်။တစ်ဧကပျမ်းမျှအထွက်နှုန်း အနေဖြင့်(၄၈.၀၇)တင်းထွက်ရှိခဲ့ပြီး ရာသီချိန်မြေပဲတစ်တင်းဈေး အနေဖြင့်(၃၀၀၀၀/၃၅၀၀၀) ကျပ် ရှိခဲ့ပါသည်။ မိုးမြေပဲမှာ ဆောင်းမြေပဲနှင့်နှိုင်းယှဉ်လျှင် အထွက်နှုန်းလျော့နည်းကြောင်း သိရသည်။ ယခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၁၈၂၈၃) ဧကရှိပြီး၊ စိုက်ပျိုးပြီးစီးမှုမှ (၁၉၈၄၃) ဧကဖြစ်ပါကြောင်း၊ မိုးမြေပဲစိုက်ပျိုးမှုအများဆုံးအနေဖြင့် စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့်ကုန်းသာကျေးရွာ စသည့် ကျေးရွာများဖြစ်ပါသည်။ ယခုနှစ် မြေပဲမျိုးဈေးအနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်ဈေးများရှိခဲ့ပြီး မြေပဲတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများအပါ အဝင်(၄၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျမှုရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀) ကျပ်ဝန်းကျင်ရှိပြီး ထွက်ရှိသောမြေပဲများကို ဒေသတွင်းစားသုံးရန်ကြိတ်ခွဲမှုရှိသလို ရောင်းဝယ်မှု ဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက် ရင်းဖြင့်သော်လည်းကောင်း၊ ကားတင်ပေး၍သော်လည်းကောင်း အများဆုံးရောင်းချကြပါသည်။ တောင်သူများအတွက် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုကောင်းမွန်ရန်လိုအပ်သလို ရေခံမြေခံနှင့်မျိုးစေ့များလည်း ကောင်းမွန်၍ ဈေးကွက်ခိုင်မာမှုရှိမှသာ သင့်တင့်လျှောက်ပတ်သော အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ပါသည်။

DOCA (မန္တလေး)