
ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ် ၊ ကြက်သွန်တို့အပြင် ဗူးသီးသီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြသည်။ ကျောက်ဆည် မြို့နယ် တွင် ငယ်တိုး၊ ရှားပင်၊ ကျီးအိပ်ကျေးရွာများတွင် စိုက်ပျိုးကြသည်။ ဗူးသီး စိုက်ပျိုးရာတွင် မြေဆွေး၊ မြေဩဇာများ သမအောင်ရောမွှေပြီး ဘောင်ပြုလုပ်၍ စိုက်ပျိုးရကြောင်း၊ တစ်ပိုင်တစ်နိုင် အနေဖြင့် လည်း မိမိတို့လယ်ယာများနှင့် နေအိမ်များတွင်လည်းစိုက်ပျိုးကြကြောင်း၊ အများဆုံး စိုက်ပျိုးသော ဗူးသီးအမျိုးအစားများမှာ ဗူးသပိတ်၊ဗူးလယ်လှနှင့် ဗူးရှည်မျိုးများ ကိုစိုက်ပျိုးကြ ကြောင်း၊ ဗူးပင်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရပါကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ များအပါအဝင် စုစုပေါင်း (၈၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဗူးပင် စိုက်ပျိုးပြီး (၈၀-၉၀)ရက် အကြာတွင် အသီးများစတင်ခူးစွတ်ရပါကြောင်း၊ ဗူးသီးကိုအခင်းထဲထိ လာဝယ်ကြသလို၊ ကိုယ်တိုင် လည်း ဈေးများသို့သွားရောက် ရောင်းချကြကြောင်း၊ အထွက်နှုန်းအနေဖြင့် အလုံးရေ (၇၀၀၀-၈၀၀၀) အထိထွက်ရှိကြောင်း၊ ဗူးသီးဈေးနှုန်းအနေဖြင့် အရွယ်အစားအပေါ် မူတည်၍ ဖောက်သည်ဈေး (၅၀၀-၈၀၀)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် ဗူးသီးတစ်လုံး လျင်(၁၀၀၀-၁၅၀၀) ကျပ် အထိဈေး များရရှိကြောင်း၊ ဗူးညွန့်တစ်စီးလျင် (၃၀၀-၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိကြောင်း ဗူးသီးစိုက်ပျိုးသော တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
