
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက် စပါးသီးနှံကို ကျောက်ဆည်ခရိုင်အတွင်းတွင် ဇွန်လမှစတင်၍ စိုက်ပျိုးလျှက်ရှိရာ မိုးစပါးစိုက်ပျိုးမှု အနေဖြင့် ကျောက်ဆည်ခရိုင်အတွင်း (၁၃၇၁၈၁)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၅၂၃၃၄) ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၆၂)ဧက၊ မြစ်သားမြို့နယ်တွင်(၅၅၄၈၅)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ယခုအချိန်တွင် မိုးစပါးများ စတင်ထွက်ပေါ်နေပြီ ဖြစ်ကြောင်း ၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် မိုးစပါးများ ယခင်နှစ်ထက် ပိုမိုကောင်းမွန်ပြီး အထွက်နှုန်းများ ပိုမိုထွက်ရှိနိုင်မည်ဖြစ်ကြောင်း ၊ ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးကို အရည်အသွေးကောင်း ၊ စျေးကောင်းရရှိသော ဧရာပဒေသာ စပါး နှင့် မနောသုခစပါး မျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့်ပတ်ကြဲ စိုက်ပျိုးမှုများကိုစိုက်ပျိုးကြကြောင်း ၊ (၁)ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၀၃၀၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခုလက်ရှိ စပါးစျေးနှုန်း အနေဖြင့် ဧရာပဒေသာ(အဟောင်း) တင်း(၁၀၀)လျှင် (၂၈၀၀၀၀၀/-)ကျပ် ၊ မနောသုခ(အဟောင်း) တင်း(၁၀၀)လျှင် (၁၃၀၀၀၀၀/-)ကျပ် ၊ ဆန်စျေးနှုန်းအနေဖြင့် ဧရာပဒေသာဆန်(အဟောင်း) တစ်အိတ် လျှင်(၁၃၅၀၀၀/-)ကျပ်၊ မနောသုခဆန်(အဟောင်း) တစ်အိတ်လျှင်(၆၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုအချိန်တွင် ဧရာပဒေသာစပါးများမှာ ထွက်ပေါ်ခြင်းမရှိသေး သော်လည်း အနှံများစုံလင်စွာဖြင့် မှည့်ဝင်းလျက်ရှိပြီး အစောစိုက် မနေသုခ(မိုးစပါး) များမှာ အနည်းငယ် စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း ၊ ယခုလက်ရှိထွက်ပေါ်နေသော မနောသုခ(မိုးစပါး) စျေးနှုန်းအနေဖြင့် တင်း(၁၀၀)လျှင်(၁၃၀၀၀၀၀-၁၄၀၀၀၀၀)ကျပ်၊ မနောသုခဆန်(သစ်) တစ်အိတ် လျှင်(၄၈၀၀၀-၅၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ပွဲစားများထံမှ သိရှိရ ပါသည် ။
DOCA(မန္တလေး)
