
အစေ့ထုတ်ပြောင်းကို အဓိကအားဖြင့် ပြည်တွင်းမွေးမြူရေးအစားအစာအဖြစ် အများဆုံး အသုံးပြုလေ့ရှိကြသည်။အရက်ချက်လုပ်ငန်းများ၊ထောပတ်ဖြင့်ပေါက်ပေါက်ပွင့်ပြုလုပ်၍ တန်ဖိုးမြှင့် ထုတ်ကုန်သရေစာအဖြစ်လည်း စားသုံးလေ့ရှိကြသည်။ အစေ့ထုတ်ပြောင်း(မိုး)ကို မေ၊ ဇွန်လများတွင် စိုက်ပျိုးကြပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ရိတ်သိမ်းလေ့ရှိပါသည်။ အစေ့ထုတ် ပြောင်း(ဆောင်း)ကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ ၊မတ်၊ဧပြီလ များတွင် ရိတ်သိမ်းလေ့ရှိပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံမြို့နယ်တွင် အစေ့ထုတ်ပြောင်း(မိုး) သီးနှံကို(၂၂၉၂)ဧကစိုက်ပျိုးထားရှိပြီး အစေ့ထုတ်ပြောင်း(ဆောင်း)သီးနှံကို(၄၃၁၈)ဧက စိုက်ပျိုးထား ရှိကြောင်းသိရှိရသည်။ ရိတ်သိမ်းဧကအနေဖြင့် အစေ့ထုတ်ပြောင်း(မိုး)သီးနှံကို(၁၀၅)ဧကခန့်သာ ဖူးချိုးရိတ်သိမ်းလျက်ရှိနေပြီး စိုက်ဧကအားလုံးရိတ်သိမ်းကာ လှိုင်လှိုင်ထွက်ပေါ်လာပါက ကုန်စည် စီးဆင်းမှုအနေဖြင့် မြင်းခြံမြို့သို့ မြို့နယ်အတွင်းကျေးရွာအစုံမှ အစေ့ထုတ်ပြောင်းများ ဝင်ရောက်ပြီး မြင်းခြံမြို့မှ မြဝတီ/ရန်ကုန်မြို့များသို့လည်းကောင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်မြို့တော် ရှိ တိရစ္ဆာန်အစားအစာထုတ်လုပ်သည့်စက်ရုံများဖြစ်သည့် Japfa Comfeed Myanmar Pte.Ltd နှင့် De Hues Myanmar Ltd ကုမ္ပဏီများသို့ တိရစ္ဆာန်အစားအစာထုတ်လုပ်သည့် ကုန်ကြမ်းအဖြစ် အသုံးပြုရန်အတွက်လည်းကောင်း တင်ပို့ရောင်းချကြကြောင်း ကုန်သည်များထံမှသိရှိရပါသည်။
DOCA (မန္တလေး)
