Main menu

“ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ရောင်းချနေသောဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့မဈေးတွင် ရောင်းချသော ဦးစိုးလင်းသူ ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး၊ ကိုမျိုးသွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး၊ ကိုနိုင်ထွန်း+ မရီမြင့်(ကျော့) ဆန်ရောင်းဝယ်ရေး၊ အောင်မိသားစု ဆန်ရောင်းဝယ်ရေး ဆိုင်များတွင် ရောင်းချနေသော ငစိန်(ထွန်းပု)ဆန်၊ ဧည့်မထဆန် (ရက်၉၀)ဆန်၊ မီးဒုံ(ခွန်နီ)ဆန်၊ တောင်ပျံဆန်၊ ကြားပျံဆန်များ၏ ဈေးနှုန်းများကို မေးမြန်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

         အဆိုပါ ဆန်ဆိုင်များမှ ရောင်းချသည့် ဆန်ဈေးနှုန်းများကို မေးမြန်းရာတွင် ယခင်အပတ် ဈေးနှုန်းထက် ယခုအပတ်ဈေးနှုန်းသည် အနည်းငယ်မြင့်တက်နေကြောင်း စိစစ်တွေ့ရှိရသော်လည်း စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ရည်ညွှန်းဈေးအတွင်း၌သာ ရောင်းချနေကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆန်ဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးအတွင်း၌သာ ရောင်းချရန် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် လုပ်ငန်းရှင် ဆန်ရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)