
မိတ္ထီလာမြို့ရှိ ဆန်ဈေးကွက်အတွင်း အောက်တိုဘာလ၌ ဆန်ချောဈေးများငြိမ်နေသော်လည်း အများစားသုံးမှုများသော မနော သုခဆန်နှင့် ဆန်ကြမ်းများဈေးအေး၊ အရောင်းအဝယ်အေးကြောင်း သိရသည်။ ဆန်ချောများဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ကုန်းစောင်းပဒေသာတို့မှာ ဈေးငြိမ်နေပြီး၊ အလတ်စဆန်များဖြစ်သည့် ဧရာပေါ်ဆန်း၊ အရပ်ပဒေသာ၊ ကျောက်ဆည်ပဒေသာတို့မှာ ဈေးနှုန်းမြင့်တက်မှု မရှိဘဲ ပဲခူးတိုင်းမှလာသော မနောသုခမှာ ဈေးအေးကြောင်းသိရသည်။ ဆန်ဈေးနှုန်းများအနေဖြင့် ဧရာ ပေါ်ဆန်းတစ်အိတ်လျှင် (၁၂၀၀၀၀-၁၃၀၀၀၀) ကျပ်၊ အရပ်ပဒေသာနှင့် ဧရာမင်းတစ်အိတ်လျှင် (၁၂၀၀၀၀-၁၂၅၀၀၀) ကျပ်၊ အရပ်သုခ (သစ်) တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ အရပ်သုခ (ဟ) တစ် အိတ်လျှင် (၆၀၀၀၀) ကျပ်၊ ဧရာဝတီတိုင်းမှလာသော ဖန်သီးသုခမှာ တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ ပဲခူးတိုင်းမှလာသော မနောသုခတစ်အိတ်လျှင် (၅၈၀၀၀-၆၀၀၀၀) ကျပ်၊ အရပ်သုခအသစ်မှာ တစ်အိတ်လျှင် (၆၀၀၀၀) ကျပ် ဈေးရှိပြီး ဈေးအေး၊ အရောင်းအေးလျက်ရှိပါသည်။ မိတ္ထီလာမြို့ပေါ်ရှိ ဆန်ပွဲရုံ/ဆန်ဆိုင်များအနေဖြင့် ယခုနောက်ပိုင်း ရွှေဘိုပေါ်ဆန်းမှာ သယ်ယူစရိတ်မြင့်သည့်အတွက် ဝယ်ယူရောင်းချမှုနည်းလာပြီး၊ ဧရာပေါ်ဆန်း၊ ဖန်သီးသုခတို့ကို ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီး ပဒေသာကို ဝမ်းတွင်း၊ ကျောက်ဆည်၊ မကွေးနှင့်မနောသုခကို ဝမ်းတွင်းမြို့နယ်နှင့် ပဲခူးတိုင်ဒေသကြီး ရှိ မြို့နယ်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
DOCA(မန္တလေး)
