
အပူပိုင်းဒေသဖြစ်သာ မြင်းခြံခရိုင်သည် ဆည်ရေသောက် အသင့်တင့်ရှိ၍ ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲ၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီများစိုက်ပျိုးလျက်ရှိရာ ပဲစဉ်ငုံ(မိုးဦး) သီးနှံကိုလည်း စိုက်ပျိုး ထားရှိကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာနှစ်တွင် မြင်းခြံခရိုင်ချုပ်အနေဖြင့် စိုက်ပျိုးထားရှိသော ပဲစဉ်းငုံ(မိုးဦး) စိုက်ဧကပေါင်း (၁၀၂၁၆၅) ဧက စိုက်ပျိုး ထားရှိကြောင်း ခရိုင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မြို့နယ် များအနေဖြင့် စိုက်ပျိုး ထားရှိမှုမှာ မြင်းခြံမြို့နယ်တွင် (၆၀၀၃)ဧက၊ တောင်သာမြို့နယ်တွင် (၁၈၃၆၁) ဧက၊ နွားထိုးကြီး မြို့နယ်တွင် (၇၇၈၀၁)ဧကစိုက်ပျိုးထားရှိကြောင်း၊ (၂၇၂၆)ဧက ပဲစဉ်းငုံသီးနှံကို မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက် ပေါ်ကြောင်း၊ တစ်ဧက ကုန်ကျ စရိတ်အနေဖြင့် (၃၇၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ သက်ကြီးရွှေဒင်္ဂါးမျိုး များကို စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန် ပဲစဉ်းငုံအနီတစ်တင်းလျှင် (၁၀၇၅၀၀) ကျပ်ပေါက် ဈေးများရှိကြောင်း၊ အထွက်နှုန်းအနေဖြင့်(၁၀)တင်းခန့် ထွက်ရှိကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့်(၇၀၅၀၀၀) ကျပ်ရရှိခဲ့ကြောင်း၊ ယခုလက်ရှိ မြင်းခြံဈေးကွက်၌ ဖြစ်ပေါ်နေသော ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ပဲစဉ်းငုံနီတစ်တင်းလျှင် (၈၁၀၀၀) ကျပ်၊ အဖြူတစ်တင်းလျှင် (၇၆၀၀၀) ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲစဉ်းငုံများလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် တောင်သူများကိုယ်တိုင် မြို့ပေါ်ရှိပွဲရုံများသို့ လာရောက်ရောင်း ချကြောင်း၊ ၎င်းပွဲရုံများမှတဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း၊ မိုးကို မျှော်ပြီးစိုက်ပျိုးရသော သီးနှံဖြစ်သောကြောင့် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းပိုမိုထွက် ရှိနိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးကောင်းပါကအကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲစဉ်ငုံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
DOCA (မန္တလေး)
