Main menu

ဆန်တန်ချိန် ၁သိန်းခန့် တင်သွင်းတော့မည့် ဘင်္ဂလားဒေ့ရှ်အစိုးရ

Powered by Drupal

          ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် နိုင်ငံ၏ စားနပ်ရိက္ခာ အရန်ဆန်များ ဖြည့်တင်းရန်အတွက် ဆန်တန်ချိန်၁ သိန်းခန့်တင်သွင်းမည်ဖြစ်ကြောင်းနှင့် အဆိုပါ တင်သွင်းမည့် ဆန်တစ်ဝက်ခန့်ကို အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ အစိုးရမှအစိုးရသို့ (G2G) အစီအစဥ်အရ တင်သွင်းသွား မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါဆုံးဖြတ်ချက်ကို ဒါကာမြို့တွင် စီးပွားရေးအကြံပေး Saleuddin Ahmed ဦးဆောင်၍ ကျင်းပပြုလုပ်သော အစိုးရဝယ်ယူမှုဆိုင်ရာ အစိုးရကော်မတီ အစည်းအဝေး၌ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ G2G အစီအစဥ်အရ ဆန်တန်ချိန် ၅၀၀၀၀ တန် ခန့်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၆.၅ ဒေါ်လာ နှုန်းဖြင့် တင်သွင်းသွားမည်ဖြစ်ပြီး ကျန်တန်ချိန် ၅၀၀၀၀ တန်ခန့်ကို အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူခြင်းမှ တစ်ဆင့် ဒူဘိုင်းအခြေပြု M/S Credent One FZCO ထံမှ ၁ တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၅.၉၉ ဒေါ်လာနှုန်းဖြင့် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရပါသည်။ လက်ရှိ ဘဏ္ဍာနှစ်မှ စတင်၍ Food Friendly Programme အောက်တွင် ဆန်ဖြန့်ချီမှုသည် သိသိသာသာ မြင့်တက်ခဲ့ပြီး ၃ လကာလအတွင်းတွင် ပြည်သူလူထု ဆန်အရန်တန်ချိန်မှာ ၇၀၀၀၀၀တန်ခန့် သိသိသာသာကျဆင်းသွားကြောင်း သိရပါသည်။ အောက်တိုဘာလ ၂၁ ရက်နေ့အထိ ဆန်နှင့် ဂျုံ အရန်တန်ချိန်စုစုပေါင်းသည် ၁.၄၆ သန်းသို့ရောက်ရှိခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့တွင် မှတ်တမ်းတင် ခဲ့သော ဆန်နှင့်ဂျုံစုစုပေါင်းတန်ချိန် ၂.၁၅ သန်းခန့် လျော့နည်းလျက်ရှိကြောင်း သိရပါသည်။ ဇူလိုင်လ ၁ ရက်နေ့နှင့် အောက်တိုဘာလ ၁၆ ရက်နေ့အတွင်း ဆန်ဖြန့်ဖြူးမှုသည် တန်ချိန်ပေါင်း ၄၁၃၀၀၀ တန်ချိန်ခန့်ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဥ်လျှင် ၂ ဆ မြင့်တက် လာကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စုစုပေါင်းအနေဖြင့် ဆန်နှင့်ဂျုံဖြန့်ချီမှုသည် ယခင်နှစ် ဘဏ္ဍာနှစ်တွင် တန်ချိန်ပေါင်း ၈၃၉၀၀၀ တန်ခန့် ဖြန့်ချီနိုင်ခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် တန်ချိန်ပေါင်း ၁ သန်းခန့် ဖြန့်ချီနိုင်ခဲ့ပါသည်။ ဆန်ဖြန့်ချီမှုနှုန်းမြင့်မားလျက်ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဆန်နှင့်ဂျုံ တင်သွင်းမှုများ လျော့နည်းလျက်ရှိကြောင်း သိရပါသည်။ အောက်လိုဘာလ ၅ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆန်ချိန်ပေါင်း ၅၀၀၀၀ ခန့်တင်သွင်း ခဲ့ပြီး ဂျုံတင်သွင်းမှုများမရှိခဲ့ကြောင်း သိရပါသည်။ ယခင်နှစ် ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် ဆန်တန်ချိန် ၈၃၅၀၀၀ တန်ခန့်အပါအဝင် ဆန်နှင့်ဂျုံ စုစုပေါင်း ၁.၃ သန်းတန်ခန့် တင်သွင်းနိုင်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)