
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ကြိမ်းဝါးလက်မှုအချောထည်လုပ်ငန်းများကို လုပ်သားအင်အား (၂၅၀၀) ကျော်ဖြင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး အိမ်သုံး၊ ရုံးသုံး၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ခြင်းလုံး၊ သော့ချိတ်၊ ဦးထုပ်၊ ဖိနပ်၊ လက်ဆွဲခြင်း၊ လက်ကိုင်အိတ်၊ ဘောပင်ထည့်ခွက်၊ တစ်ရူးဘောက်၊ ပန်းခြင်း၊ အမှိုက်ခြင်း၊ ပန်ကန်ပြား၊ လင်ဗန်းတို့မှ ဧည့်ခန်းသုံး၊ ဟိုတယ်သုံးပစ္စည်းများဖြစ်သည့် စားပွဲ၊ ကုလားထိုင်၊ ခန်းဆီး၊ ဗီဒို၊ မှန်တင်ခုံ၊ သေတ္တာ၊ အဝတ်လှန်းစင်၊ ဦးထုပ်အဝတ်ချိတ်စင်၊ အလှဆင်မီးအိမ်အမျိုးမျိုး စသည့် လက်မှုပစ္စည်းအမျိုးအစား(၇၀၀)ကျော်အားထုတ်လုပ်၍ ပြည်တွင်းပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ထုတ်လုပ်သောပစ္စည်းများ၏ ( ၈၀%) ကျော်မှာ ကြိမ်ကို အခြေခံပြုလုပ်သောပစ္စည်းများဖြစ်၍ (၂၀%) မှာ ဝါးကို အသုံးပြုကာ လူသုံးကုန်ပစ္စည်းအဖြစ် ထုတ်လုပ်အသုံးပြုလျက်ရှိကြောင်း သိရသည်။
ကြိမ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကြိမ်ကုန်ကြမ်းထုတ်လုပ်ရောင်းချသူ၊ အချောထည်ပြုလုပ်သူနှင့် အချောထည်များကိုဆေးသုတ်ပြုပြင်ထုတ်ပိုး၍ နိုင်ငံခြားဈေးကွက်နှင့်ဒေသတွင်း ဈေးကွက်သို့ရောင်းလျက်ရှိပြီး ရေကြည်မြို့နယ်တွင် ကြိမ်လုပ်ငန်းလုပ်ကိုင်သူများသည် အချောထည်လုပ်ကိုင်သူများဖြစ်၍ ရန်ကုန်အခြေစိုက် ကုမ္ပဏီကြီးများဖြစ်သော (Bella Classic Home, Gloriors Family) တို့သည် ရေကြည်မြို့တွင် ကုမ္ပဏီ အလုပ်ရုံခွဲများဖွင့်လှစ်၍ ကုန်ကြမ်းပစ္စည်းရောင်းချခြင်း၊ ကုန်ကြမ်းပေး ကုန်ချောယူ စနစ်ဖြင့်လုပ်ကိုင်ပြီး ကုန်ချောထုတ်လုပ်သူများဖြစ်ကြောင်း ကုမ္ပဏီကြီးများအနေဖြင့် ပြည်တွင်း/ ပြည်ပ အမှာစာရရှိမှုပေါ်မူတည်လျက် ကုန်ကြမ်းများကို ဝယ်ယူရက်လုပ်၍ ကုန်ချောများနှင့် ပြန်လည်ပြုပြင်ရမည့် တစ်ပိုင်းချောကုန်ထည်များကို ရန်ကုန်မြို့သို့တင်ပို့၍ ကုန်ချောပြုလုပ်သည့် စက်ရုံများမှ ကုန်ချောပြုလုပ်ကာ ပြည်တွင်း/ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
