
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အောင်သုခရပ်ကွက်တွင် စီးပွားဖြစ် ကြက်ဟင်းခါး သီး စိုက်ပျိုးရောင်းချသူများ ယခုနှစ်တွင် မိုးကောင်းပြီး အသီးအထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းလည်းရနေသဖြင့် မိသားစုအပိုဝင်ငွေတိုး၍ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကြက်ဟင်းခါးသီး တစ်ဧကစိုက်ပျိုးရန်အတွက် မြေအမျိုးအစားပေါ်မူတည်၍ ရွေးချယ် ရကြောင်း သဲနှုန်းမြေပွပွပေါ်တွင် မြေသြဇာအဖြစ် နွားချေးကို ထည့်ပေးရပါတယ်၊ ကြက်ဟင်းခါးသီး တစ်ဧကလျှင် မျိုးစေ့များကို အိတ်လေးများဖြင့် ပျိုးထောင်၍ အပင်ပေါက်လေးများ ရှင်သန်လာလျင် အိတ်လေးများကို ခွဲ၍ အတန်းလိုက်ချ၍ စိုက်ပျိုးပေးရပါတယ်၊ စိုက်ပျိုးပြီး ရက်ပေါင်း ၂၀ ခန့်အကြာတွင် အညွန့်လေးများ ထွက်လာပြီး စင်ပေးရကြောင်း၊ စင်ပေးပြီး ၄၅ ရက်ကြာလျှင် ကြက်ဟင်းခါးသီး အသီးများ လှိုင်လှိုင် ထွက်လာခဲ့ပြီး အပင်ကို သုံးရက်တစ်ခါ ရေမောင်းပေးရပါတယ် ကြက်ဟင်းခါးသီး တစ်ဧကအတွက် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်ခြောက်သိန်းခန့် ကုန်ကျကြောင်း စင်ပေါ်မူတည်ပြီး ကုန်ကျစရိတ် သိရကြောင်း အသီးကို နှစ်ရက်ခြား တစ်ကြိမ် တစ်ကြိမ်အလုံး ၁၀၀၀ ခန့် ခူးယူရရှိနိုင်ကြောင်း၊ ယခုကာလမှာ ကြက်ဟင်းခါးသီးဈေးနှုန်း ကောင်းသဖြင့် တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်အထိ ရရှိသဖြင့် တစ်ကြိမ်ခူးလျှင် ငါးသိန်းခန့် ရရှိသဖြင့် မိသားစုများ ပုံမှန်ဝင်ငွေရရှိဖြင့် အဆင်ပြေလျှက်ရှိကြောင်း၊ ကြက်ဟင်းခါးသီး စီးပွားဖြစ် စိုက်ပျိုးရောင်းချသူ ဒေါ်စိုးစိုးလွင်၏ ပြောပြချက်အရ သိရသည်။ ကြက်ဟင်းခါးသီးကို လူတိုင်းကြိုက်နှစ်သက်ကြပြီး မြန်မာထမင်းဝိုင်းတွင် မပါမဖြစ် စားသုံးကြကြောင်း ထမင်းလည်းမြိန်ကာ ကြက်ဟင်းခါးသီးကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း ကြက်ဟင်းခါးသီးစားပေးခြင်းက နာကျင်မှုဝေဒနာကို လျော့ပါးသက်သာစေနိုင်သဖြင့် စိုက်ပျိုး ရောင်းချသူများလာကြောင်း သိရသည်။
DOCA (မွန်)
