
ပုဏ္ဍရိက်ပင်ကို အလှပန်းပင်အဖြစ် ခြံစည်းရိုးများ၊ ပန်းဥယျဉ်များတွင် အလှစိုက်ကြသည်။ ငယ်စဉ်ကလေးဘ၀ ပုဏ္ဍရိက်ပန်းသီးများခူး၍ ချိုဖန်သောအရသာကိုခံစားဖူးပါသည်။ အသီးမှည့်လေး များတွေ့ရင် ပျော်ကြသည်။ ကလေးဘဝဖြတ်သန်းကြဖူးသူအများစုမှာ ပုဏ္ဍရိက်ပန်းနှင့်ပုဏ္ဍရိက် အသီးကို မမေ့နိုင်ကြပေ။ နေရာဒေသအလိုက်အမျိုးမျိုးခေါ်ကြသည်။ ရွှေတ ဆုပ်၊ ခြံစည်းရိုးပန်း၊ ပုဏ္ဍရိက် စသည်ဖြင့်ဖြစ်လေသည်။ အချို့က အကြော်မှုန့်ဖြင့်အပွင့်ကိုကြော်စားသည် လည်းရှိကြသည်။ အပွင့်အဝါ၊အနီရှိသည်။ အရသာမှာ ခါး၊ ဖန် ရှိ၍ နူးညံ့စွာ၀မ်းသက်သည်။ အူများကိုပိတ်ဆို့ခြင်း၊ ရေဖျဉ်းရောဂါ၊ ဥတုသွေး လာစဉ်ကိုက်ခဲခြင်းကို ပြေပျောက်သည်။ သွားကိုက်၊ သွားဖုံးရောင်၊ အာခေါင်တွင်အပူအိတ်များရှိ၍ သွားဖုံးအတွင်းနာကျင်ကိုက်ခဲပါမူ အရွက်အား ဆားအနည်းငယ်ထည့်ပြီး ရေနွေးဆူဆူတွင်ချ၍ ခပ်နွေးနွေးအပူချိန်တွင် အာခံတွင်းငုံကာ အာလုပ်ကျင်းဆေးကြောပါက သွား ကိုက်၊ သွားနာပျောက်ကင်းသည်ဟု ဆိုထားသည်။ ပုဏ္ဍရိက်ရွက်များကို အရိပ်တွင်အခြောက်လှန်းပြီး ပြာချ၍ ဆားနှင့်ရောသွားတိုက်ပေးပါက သွားကိုက်၊သွားနာရောဂါများ ပျောက်သည်ဟုဆိုသည်။
ယောက်ျားကြီးများပင် မျက်ရည်ကျလောက်အောင် နာကျင်တဲ့ သွားကိုက်ပြီးသွားဖုံးရောင် နေခြင်းကို ချက်ချင်းသက်သာစေတဲ့ ပုဏ္ဍရိက်ပင် အစွမ်းကိုဖော်ပြပေးရမည်ဆိုရင် သွားကိုက်ဝေဒနာကို လူအများစုခံစားဖူးကြပေလိမ့်မည်။ သွားဖုံးရောင်ကာ မျက်ရည်များ တောက်တောက်ကျတဲ့အထိ နေမထိ ထိုင်မသာ ငိုယိုအော်ဟစ် ငိုကြွေးနေရလောက်အောင် နာကျင်ကိုက်ခဲလှပေသည်။ ဆေးနည်းစာပေများထဲတွင် ဖတ်မှတ်ဖူးသော ဆေးမြီတိုလေးတစ်ခု မျှဝေပေးလိုက်ပါသည်။ ပုဏ္ဍရိက်ရွက် အရွက်(၂၀)ကိုခူးပြီး ရေစင်အောင်ဆေးကာရေနှင့်ပြုတ်ပြီး ထိုရည်နွေးနွေးလေးအား ဆားအနည်းငယ်ဖြင့်ငုံ၍ ထွေးစေခြင်းသာဖြစ်သည်။ အခြားဆေးဝါးအကူအညီမပါ၀င်ဘဲ သွားကိုက် ဝေဒနာ သက်သာပျောက်ကင်းသွားလိမ့်မည်ကို အံ့ဩစွာတွေ့ရပေလိမ့်မည်ဖြစ်ကြောင်း ဖတ်မှတ်ခဲ့ဖူး သမျှကို မျှဝေဖော်ပြပေးလိုက်ရပါတယ်။ မြင်းခြံမြို့ရှိ ချောင်းဒေါင်းရပ်ကွက် ရွှေပျိုးပင်အရောင်းဆိုင်တွင် ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် ပုဏ္ဍရိက်ပင်ပျိုးပင်တစ်ပင်လျှင် (၂၅၀၀-၅၀၀၀) ကျပ်ခန့်ပေါက်ဈေးဖြင့်ရောင်းချကြောင်း သိရှိရသည်။
DOCA(မန္တလေး)
