ထိပ်တန်းဆန်တင်ပို့သည့် နိုင်ငံများ အနေဖြင့် ဝယ်လိုအားနည်းခြင်းနှင့် ကြုံတွေ့ရချိန်တွင် မည်သည့် အဓိကအရောင်းအဝယ် သဘောတူညီချက်ကိုမဆို ရရှိနိုင်ရန် ကြိုးပမ်းနေရသဖြင့် အိန္ဒိယဆန်ဈေးနှုန်းများသည် ၉ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေချိန်၌ ထိုင်းနိုင်ငံ၏ ဆန် ပို့ကုန်ဈေးနှုန်းများသည်လည်း ရက်သတ္တပတ် ၅ ပတ် ဆက်တိုက်ကျဆင်းလျက် ၁၈ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။
ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ထိုင်းဆန်ဈေးနှုန်းသည် ၂၀၀၇ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၅ မှ ၃၄၀ အထိရှိပြီး ယခင်အပတ်၌ ကိုးကားချက်အရ အမေရိကန်ဒေါ်လာ ၃၄၀ ရှိခဲ့သည်။
ဆန်ဝယ်လိုအားသည် ယခင်ရက်သတ္တပတ်ထက် သိသာစွာကျဆင်းခဲ့ကြောင်း၊ ဝယ်ယူသူ များသည် ၎င်းတို့လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူကြကြောင်း၊ ထိုင်းဆန် တင်ပို့မှုအတွက် ကြီးကြီးမားမား သဘောတူညီချက်များ မရှိသေးကြောင်းနှင့် ရောင်းလိုအားမှာ များပြားလျက်ရှိ ကြောင်းဖြင့် ကုန်သည်များက ပြောဆိုလျက်ရှိသည်။
ယခုနှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသော်လည်း တန်ဖိုးအားဖြင့်မူ ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်မည်ဟု ထိုင်းဆန်တင်ပို့သူများအသင်းက မကြာ သေးမီက သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါသော ပေါင်းဆန်ဈေးနှုန်းသည် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်း နောက်ပိုင်း အနိမ့်ဆုံးသို့ရောက်ရှိနေပြီး ယခင်သီတင်းပတ်ကအတိုင်း တစ်တန်လျှင် ဒေါ်လာ ၃၄၀ မှ ၃၄၅ အကြားနှုန်းထားဖြင့် ပြောင်းလဲမှု မရှိကြောင်း၊ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါသော အိန္ဒိယဆန်ဖြူ ဈေးနှုန်းမှာ အောက်တိုဘာ ဒုတိယပတ်တွင် တစ်တန်လျှင် ဒေါ်လာ ၃၆၀ မှ ၃၇၀ အတွင်းရှိ ကြောင်း သိရှိရသည်။ အာရှနှင့် အာဖရိကဝယ်လက် နှစ်ဘက်စလုံး၏ ဝယ်လိုအားများသည် နည်းပါးမှုရှိနေပြီး အလျင်စလိုဝယ်ယူခြင်း မပြုကြဘဲ စျေးနှုန်းများ အောက်ခြေသို့ ရောက်ရှိရန် စောင့်ဆိုင်းနေကြသည်ဟု မွန်ဘိုင်းအခြေစိုက် ဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူဈေးနှုန်းသည် အောက်တိုဘာ ၁၆ ရက်နေ့တွင် တစ်တန်လျှင် ဒေါ်လာ ၄၂၀ မှ ၄၃၅ ဒေါ်လာနှုန်းဖြင့် ကမ်းလှမ်းမှုရှိပြီး ယခင်ရက် သတ္တပတ်၌ ဒေါ်လာ ၄၄၀ မှ ၄၆၅ အတွင်းရှိခဲ့ရာမှ နှစ်လအတွင်း ၎င်း၏အနိမ့်ဆုံးအဆင့်အဖြစ်သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်စားသောက်ကုန်အသင်းက ဖော်ပြသည်။
အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံက ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ ပြီးနောက် ဝယ်လိုအားနည်းလျက်ရှိကြောင်း၊ ဆန်တင်ပို့သူများ အနေဖြင့် ၎င်းတို့၏ သိုလှောင်မှု ကို တိုးမြှင့်ရန်နှင့် ထိုသို့ဆိုင်းငံ့ထားမှုကြောင့် ဖြစ်ပေါ်လာသည့် အရောင်းကျဆင်းမှုကို ကုစားရန် အတွက် ဈေးကွက်အသစ်များ ရှာဖွေရန် အာဏာပိုင်များက တိုက်တွန်းလျက်ရှိသော်လည်း အဆိုပါ အစီအမံများက ဈေးနှုန်း မြင့်တက်လာစေရန် လုံလောက်ခြင်း မရှိကြောင်း ဟိုချီမင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ စပါးအထွက်ကောင်းခဲ့သော်လည်း ပြည်တွင်းဆန်ဈေးသည် လွန်ခဲ့သည့်နှစ်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ သွင်းအားစုများ ဈေးနှုန်းကြီးမြင့်ခြင်း၊ အလယ်အလတ်အဆင့် ပွဲစားများ၏ စျေးကွက်ခြယ်လှယ်မှုရှိခြင်း၊ သိုလှောင်မှု၊ ဝယ်ယူမှုနှင့် ဖြန့်ဖြူးမှုတို့တွင် ထိရောက်မှုမရှိခြင်းတို့ကြောင့် ထိုကဲ့သို့ ဆန်ဈေးနှုန်းမြင့်မားခြင်း ဖြစ်သည်ဟု စျေးကွက်ဆန်းစစ်လေ့လာသူများက ယူဆကြကြောင်း သိရှိရသည်။
Source: Bangkok Post, 17 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
