Main menu

မောက်မယ်ရှောက်ချိုသီး

Powered by Drupal

    မောက်မယ်ရှောက်ချိုသီးကို ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်၊ ဟိုပုံး မြို့နယ်၊ ဆီဆိုင်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မောက်မယ်ရှောက်ချိုပင်သည် ကြာရှည် နှစ်ချို့သီးပင်စားမျိုး ဖြစ်ပါသည်။ အေးမျှခြောက်သွေ့သော ရာသီဥတုတွင် စိုက်ပျိုးရန် သင့်လျော်ပြီး စနစ်တကျစိုက်ပျိုး ထိန်းသိမ်းပါက အနှစ် ၂၀ မှ ၃၀ အထိ သက်တမ်း ရှည်ကြာပြီး နှစ်စဉ်အသီးထုတ်လုပ်ပေးနိုင်ပါသည်။ စိုက်ပျိုးပြီး ၃ နှစ်(သို့မဟုတ်) ၄ နှစ်ကြာလျှင် စတင်အသီးသီး ပါသည်။ အပင်သက်တမ်း ၅ နှစ် (သို့မဟုတ်) ၆ နှစ်ကာလသည် အပင်ရင့်သန်ပြီး အသီးအထွက် အကောင်းဆုံးရရှိသော ရွှေရောင်ကာလဖြစ်ပါသည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးပြီး မြေဩဇာ စနစ်တကျကျွေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း၊ အပင်ပြုစုထိန်းသိမ်းခြင်းတို့ ကောင်းမွန်ပါက နှစ် ၃၀ ထက်ကျော်၍ အသီးများခူးဆွတ်နိုင်ပါသေးသည်။

     ဇွန်လလယ်မှ ဇူလိုင်လကုန်(မိုးရာသီအစ)တွင် စတင်စိုက်ပျိုးကြပါသည်။ နှစ်စဉ် စက်တင်ဘာလ နှောင်းပိုင်းတွင် ဦီးဦးဖျားဖျားအသီးများ စတင်ခူးဆွတ်ကြပါသည်။ ယင်းသည် မြန်မာနိုင်ငံ၏ ဆောင်း ရာသီစာ သစ်သီးဝလံတစ်မျိုးအဖြစ် ထင်ရှားပါသည်။ ဈေးကွက်အတွင်းသို့ စတင် ဝင်ရောက်လာသော ဈေးနှုန်းမှာ တစ်လုံး ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် အထိ ဈေးကောင်းရကြပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ထွက်ရှိသော အသီးများအား ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသော မြို့ကြီးများသို့ တင်ပို့ရောင်းချကြပါသည်။ ယခင်နှစ်များထက် ယခုနှစ်သည် ဈေးပိုမိုရရှိကြသဖြင့် စိုက်ပျိုး တောင်သူများ၏   စားဝတ်နေရေး အဆင်ပြေမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)