
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ သင်္ဘောသီးမှည့်နှင့် မာလကာသီးပင်များကိုလည်း မိမိတို့နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီးနှင့် သင်္ဘောသီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး အကြီး တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ အသေး (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ သင်္ဘောသီးမှည့် ဈေးနှုန်းများမှာ အကြီး တစ်လုံးလျှင်(၅၀၀၀)ကျပ်နှင့် အသေး (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီးနှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက်နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေး တိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)