
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများသို့ မုန်လာဥနီများ အဆက်မပြတ် ဝင်ရောက်လျက်ရှိပါသည်။ မုန်လာဥနီများကို အဓိကအားဖြင့် ရှမ်းပြည်နယ် (အောင်ပန်း၊ ပင်းတယ၊ ရွာငံ)၊ မန္တလေးတိုင်းဒေသကြီး(ရေဦး)နှင့် နေပြည်တော်(ပျဉ်းမနား၊ လယ်ဝေး)စသော အေးမြသည့်ဒေသများမှ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မုန်လာဥနီသည် အေးသောရာသီဥတုတွင် ဖြစ်ထွန်းသည့် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပြီး အာဟာရဓာတ်များစွာ ပါဝင်ကာ ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် သီးနှံတစ်ခု ဖြစ်ပါသည်။ ပုသိမ်မြို့နယ်ရှိ စားသုံးသူများအနေဖြင့် မုန်လာဥနီကို ဖျော်ရည်လုပ်သောက်ခြင်း၊ အသုပ်သုပ်စားသုံးခြင်း၊ အခြားဟင်းသီးဟင်းရွက်များနှင့် ရောကြော်စားသုံးခြင်းများ ပြုလုပ်ကြ ပါသည်။
လက်ရှိဈေးနှုန်းအခြေအနေမှာ ယခင်လများကထက် အနည်းငယ်မြင့်တက်လျက်ရှိပြီး ဖောက်သည်ဈေး(လက်ကားဈေး)အနေဖြင့် တစ်ပိဿာလျှင် (၅,၅၀၀)မှ (၆,၀၀၀)ကျပ်အထိ ရှိပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် (၆,၅၀၀)မှ (၇,၅၀၀)ကျပ်အထိ ရောင်းချနေကြောင်း တွေ့ရှိရသည်။ ထို့အပြင် ကုန်စိမ်းသည်များမှ တစ်နိုင်ငစ်ဝယ်ယူသူများအတွက် (၁,၀၀၀)မှ (၁,၅၀၀)ကျပ်တန် အထုပ်ငယ်လေးများ ထုတ်ပိုးရောင်းချပေးသောကြောင့် စားသုံးသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
မုန်လာဥနီကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးတွင်းကိုလက်စထရောကို လျော့ချပေး နိုင်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ခြင်း၊ အမြင်အာရုံကို ကောင်းမွန်စေခြင်း အစ ရှိသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်သောကြောင့် နေ့စဉ်စားသုံးသင့်သည့် ဟင်းသီးဟင်းရွက်ကောင်းတစ်မျိုးဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
DOCA (ဧရာဝတီ)