
မြင်းခြံခရိုင်သည် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲနှင့် မိုးမြေပဲဟူ၍ နှစ်ရာသီစိုကပျိုးလျက်ရှိကြောင်း သိရှိရသည်။ မိုးမြေပဲသီးနှံကို မေလမှ ဇွန်လအထိ စိုက်ပျိုးပြီး စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လကြာမြင့်ကြောင်း သိရှိရသည်။
၂၀၂၅-၂၀၂၆ခုနှစ်၊ မြင်းခြံခရိုင်ချုပ်အနေဖြင့် မိုးမြေပဲစိုက်ဧကပေါင်း (၂၅၃၀၀)ဧက စိုက်ပျိုးထားကြောင်း၊ မြင်းခြံမြို့နယ်တွင် မိုးမြေပဲစိုက်ဧက(၂၅၀)စိုက်ပျိုးထားကြောင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၁၀၀၆၈)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၁၄၉၈၂)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ ပင်ပြန့်မျိုးကိုသာ စိုက်ပျိုးထားကြပြီး အတန်းလိုက်စနစ်ဖြင့် တစ်ဧကလျှင် မြေပဲမျိုးစေ့ တစ်တင်းခွဲနှုန်း စိုက်ပျိုးထားရှိကြောင်း၊ ပင်ခြားတန်း ခြားအနေဖြင့် (၆)လက်မ၊(၈)လက်မခြား စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးမြေပဲကိုယခင်နှစ် ကထက်(၇၅)ဧက ပိုမိုစိုက်ပျိုးထားရကြောင်းနှင့် မိုးကိုမျှော်ပြီးစိုက်ပျိုးရသောသီးနှံဖြစ်၍ ယခုနှစ်ရာသီဥတုအခြေအနေအရ ယခင်နှစ်ကထက် အထွက်နှုန်းပိုမိုကောင်းမွန်မည်ဟု သုံးသပ်မိပါကြောင်း မိုးမြေပဲစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မြေပဲ S1 လုံးဆံတစ်ပိဿာလျှင် (၇၄၀၀)ကျပ်၊ဆီဆံတစ် ပိဿာ လျှင်(၆၇၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ပေါက်ဈေး များရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုစက်တင်ဘာလတွင် ယခင်လထက် မြေပဲလုံးဆံ၊ မြေပဲဆီဆံနှင့် ပဲဆီသန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း မြင်းခြံကုန်စည်ဒိုင်မှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)