Main menu

တောင်ငူမြို့ရှိ ကွမ်းသီးဈေးကွက်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ ကွမ်းသီးဝယ်ယူသည့် ပွဲရုံများသို့ ကွမ်းသီးသစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ တောင်ငူမြို့ (၄) မိုင်၊ ဘုရားခြေရင်းရှိ အောင်သုခ(၂) ပွဲရုံတွင် တစ်ရက်အတွင်း ရွှေးကွမ်းသီး၊ ဗြောင်ကွမ်းသီး၊ ခွါဆံကွမ်းသီး ပိဿာ ၆၀၀ မှ ၇၀၀အထိ ဝယ်ယူရရှိနေကြောင်း သိရပြီး ပွဲရုံသို့ဝင်ရောက်လာသည့် ကွမ်းသီးများသည် (၁၃) မိုင်၊ လိပ်သို၊ သံတောင်၊ သံဘိုးတောင်၊ ဘောဂလိဒေသများမှ ထွက်ရှိသည့် ကွမ်းသီးများဖြစ်ပြီး ဘောဂလိဒေသမှ ထွက်ရှိသော ကွမ်းသီးသည် အကောင်းဆုံးဖြစ်သည်။

          ကွမ်းသီးပင်သည် စတင်စိုက်ပျိုးပြီး (၈)နှစ်အကြာတွင် စတင်ခူးဆွတ်ရပြီး နှစ်ကြာလာ သည့်အခါ အပင်မြင့်သွားသည့်အတွက် ခူးဆွတ်ရာတွင် ခက်ခဲကြောင်း၊ အပင်မြင့်လွန်းသည့်အတွက် လေဒဏ်မခံနိုင်သောကြောင့် အပင်လဲနိုင်ကြောင်း၊ နေပူချိန်မြင့်မားချိန်တွင် တောင်ရိပ်၊ သစ်ပင်ရိပ် ရရှိ ပါက ကွမ်းပင်အတွက် အလွန်ကောင်းမွန်ကြောင်း၊ အရိပ်မရှိပါက ကွမ်းပင်သည် ခြောက်သွေ့သွား ကြောင်း သိရသည်။

ကွမ်းပင်များသည် တပေါင်း၊ တန်ခူးလများတွင် အဖူးစတင် ဖူးကြောင်း၊ အဖူး ဖူးချိန်တွင် ရေ၊ သွင်းအားစု ဖြည့်တင်းပေးပါက ကွမ်းပင်တစ်ပင် ကို  ၂ ပိဿာ ၅၀ ကျပ်သား မှ ၃ ပိဿာ အထိ ကွမ်းသီးအစိုထွက်ရှိကြောင်း သိရသည်။ ကွမ်းသီးအစို (၃)ပိဿာကို ကွမ်းသီးခြောက်(၁) ပိဿာ ရရှိကြောင်း သိရှိရသည်။ ဗြောင်ကွမ်းသီး (၁) ပိဿာ ၂၉၀၀၀ ကျပ် မှ ၃၀၀၀၀ ကျပ်၊ ရွှေးကွမ်းသီးအနီ (၁) ပိဿာလျှင်၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိဈေးရှိပြီး ရွှေးကွမ်းသီးသည် အလုံးအသေး ၊ အလတ်၊ အကြီးအပေါ်မူတည်၍ ဈေးပေးခြင်းဖြစ်ကြောင်း၊ ဘီဝမ်းကွမ်းသီးလုံးသေး ၁ ပိဿာလျှင် ၇၀၀၀ ကျပ် မှ ၉၀၀၀ ကျပ်အထိ ဝယ်ယူရရှိကြောင်း သိရသည်။

တစ်နှစ်တာပတ်လုံး အောက်တိုဘာလနှင့် နိုဝင်ဘာလသည် ကွမ်းသီးအများဆုံးထွက်ရှိသည့် လများဖြစ်ပြီး တစ်နှစ်လျှင် ပိဿာ ၆၅၀၀၀ အထိဝယ်ယူရရှိကြောင်း ၊ ဝယ်ယူရရှိသည့် ကွမ်းသီးများကို လက်ကားအနေဖြင့် ပျဉ်းမနား၊ နေပြည်တော်၊ မိတ္ထီလာ၊ တောင်ငူမြို့အနီး ပတ်ဝန်းကျင်ရှိမြို့များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြောင်း အောင်သုခပွဲရုံပိုင်ရှင် ဦးအောင်ရွှေ၏ ရှင်းလင်းပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)