Main menu

သာစည်မြို့၏ မျှစ်ဈေးကွက်

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် သီးနှံမျိုးစုံဖြစ်ထွန်းလျှက်ရှိပြီး၊ ယခုလို မိုးတွင်းကာလတွင် တောင်ပေါ်ဒေသနှင့် တောင်တန်းများတွင် မျှစ်များထွက်ပေါ်လျက်ရှိရာ သာစည်မြို့နယ်သည်တောင်တန်းများနှင့် ထိစပ်နေသောဒေသဖြစ်၍သာစည်မြို့နယ်ကျွဲတပ်ဆုံ၊ ရေပေါင်းဆုံ၊ ယင်းမာပင်၊ ပျဉ်ညောင် အစရှိသည့် ကျေးရွာများတွင် မျှစ်များဖြိုင်ဖြိုင်ထွက်လျက်ရှိပြီး ရွာအနီး ဝါးပင်ပေါက်ရောက်ရာ တောင်ပေါ်တောများသို့ သွားရောက်ချိုးယူ၍ ရောင်းချလျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေများရရှိကြောင်း သိရှိရပါသည်။ ယခင်နှစ် မျှစ်ဈေးနှုန်းမှာ မျှစ်စိမ်း(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး၊ ယခုလက်ရှိပေါက်ဈေးအနေဖြင့် မျှစ်စိမ်း(၁)ပိဿာလျှင် (၁၅၀၀)ကျပ်ထိပေါက်ဈေးရှိသဖြင့် မျှစ်ချိုးရောင်းချသူများ အဆင်ပြေလျက်ရှိပါသည်။ လူတစ်ဦးအနေဖြင့် (၁)ရက်လျှင် မျှစ် (၁၀)ပိဿာမှ(၁၅)ပိဿာခန့်ထိ ချိုးယူနိုင်ပြီး  ချိုးယူလာသည့် မျှစ်များကို မျှစ်ဒိုင်သို့သွင်း၍ ရောင်းချကြကြောင်း၊ မျှစ်ဒိုင်များမှတဆင့် မျှစ်များကိုပြုတ်၍  ခရီးသွားပြည်သူများ၊ ဘုရားငါးဆူဈေး၊ ယင်းမာပင်ဈေး၊ သာစည်ဝမ်းတွင်း၊ မိတ္ထီလာမြို့အထိ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မျှစ်ပြုတ်တစ်ပိဿာလျှင် လက်ကားဈေး (၁၈၀၀-၂၀၀၀)ကျပ်ဖြင့်ရောင်းချပေးပြီး၊ လက်လီ တစ်ပိဿာလျှင် (၂၃၀၀-၂၅၀၀)ကျပ်ဖြင့် ပြန်လည်ရောင်းချကြကြောင်း ရေပေါင်းဆုံကျေးရွာရှိ မျှစ်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)