
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံမျိုစုံ စိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံဖြစ်သော ခရမ်းကြွပ်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းကြွပ်သီးအပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်သီးစိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကို ပျိုးထောင်ခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းဟူ၍ နှစ်မျိုးစိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းကြွပ်သီးကို ပျိုးထောင်ပြီး စိုက်ပျိုးမည်ဆိုပါက ပျိုးသက် တစ်လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး (၂)လ (၃)လ အကျော်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ပြီးမှ တစ်ပတ်နှင့် တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း၊ သက်တမ်းအနေဖြင့် (၂)လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊ မျိုး၊ သွင်းအားစုအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်အနေ ဖြင့် (၉၀၀၀၀၀-၁၀၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီး လက်ကားဈေးအနေဖြင့် တစ်ပိဿာ လျှင် (၂၀၀၀/-)ကျပ်၊ လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၂၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀/-) အမြတ်ရရှိကြောင်း၊ ခရမ်းကြွပ်သီးကို ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူပြီး ကျောက်ဆည်မြို့ရှိ မြို့မဈေး၊ အေးမြကြည်လင်ဈေး၊ စဉ့်ကိုင်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)