
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရွာသစ် အနောက်ပိုင်း ရပ်ကွက်နှင့် ရေလယ်ကျွန်း၊ ကိုးတောင့်ကျေးရွာများတွင် ဒေသခံတောင်သူများသည် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းကို ဒေသစီးပွားဖြစ် လုပ်ကိုင်ကြပြီး ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ငရုတ်သီးနှံများကို အများဆုံးစိုက်ပျိုးကြ၍ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုး လာကြကြောင်း၊ ပင်ထောင်ခရမ်းချဉ်မျိုးကို ရေသွင်းစိုက်ပျိုးကြောင်း၊ (၅)ဧကခန့် စိုက်ပျိုးထားကြောင်းသိရှိရပါသည်။
ခရမ်းချဉ်ပင်ကို မိုးဦးကာလ ဇွန်လတွင် စိုက်ပျိုးပြီး နှစ်လခန့်အကြာ ဩဂုတ်၊ စက်တင်ဘာ လဆန်းပိုင်းတွင် အသီးဆွတ်ခူးရကြောင်း၊ ထိုင်ဝမ်မျိုးများကို စိုက်ပျိုးပြီး တစ်ဧကမျိုးစေ့ (၆)ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ကို ပျိုးထောင်ပြီး ပျိုးပင် တစ်လသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ ခရမ်းချဉ်ပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးရ၍ မျိုး၊ သွင်းအားစု၊ မြေပြင်ခ၊ ရေသွင်းခ၊ အလုပ်သမားခ စုစုပေါင်း တစ်ဧက ငွေကျပ်(၁၅)သိန်းခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် အသီးတင်မှုများ၍ အထွက်နှုန်းကောင်းမည်ဖြစ်ကြောင်း၊ (၅)ရက်ခြား တစ်ကြိမ်ဆွတ်ခူး ကြောင်း၊ ခရမ်းချဉ်သီး စတင်ဆွတ်ခူးချိန်မှ အသီးကုန်ဆုံးချိန်အထိ တစ်ဧကအထွက် နှုန်းပိဿာ (၃၅၀၀-၄၀၀၀)ခန့် ထွက်ရှိကြောင်း၊ ယခုသီးနှံပေါ်ချိန် ဈေးကွက်တွင် ခရမ်းချဉ်သီး တစ်ပိဿာ လက်ကားဈေး ကျပ်(၁၀၀၀-၁၅၀၀)၊ လက်လီ ဈေး ကျပ်(၂၀၀၀-၂၅၀၀)ဈေးဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဝယ်ယူခြင်းအပြင် ဆိပ်ဖြူမြို့ပေါ် ကုန်စိမ်းဈေး ကွက်နှင့် ချောက်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ တောင်သူများအနေဖြင့် သီးနှံပေါ်ချိန် ဈေးကောင်း ရရှိ၍ အဆင်ပြေကြောင်း၊ လက်ရှိပေါက်ဈေးထက်ဈေးနှုန်းကျဆင်းခြင်းမရှိ ရောင်းချရပါက တစ်ဧက အကျိုးအမြတ် ကျပ်သိန်း(၄၀)ခန့် ရရှိမည်ဖြစ်ကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)