
ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၃၈ ပေတွင်တည်ရှိပြီး အေးမြသောရာသီဥတုရှိပြီး ပြည်တွင်းခရီးသွားဧည့်သည်များအတွက် စိတ်ပါဝင်စားမှုရှိသော တောင်ပေါ်မြို့လေး ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်း ပန်းပွဲတော်မှစ၍ ခရီးသွားများလာရောက်ခဲ့ရာ ၂၀၂၅ ခုနှစ် မေလ၊ ဇွန်လ၊ ဇူလိုင်လများမှာတော့ ခရီးသွားများပိုမိုဝင်ရောက်မှုများလာကာ မြို့နယ်အတွင်းရှိ ဟော်တယ်၊ တည်းခိုခန်းများပင် နေရာအပြည့်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုလို မြို့နယ်တွင် ခရီးသွားဝင်ရောက်မှုများလာသလို ဒေသထွက်ပစ္စည်းများလည်း ရောင်းလိုအားကောင်းလာကာ စီးပွားရေးအရအကျိုးအမြတ်ရရှိလာပြီး ထိုအထဲတွင်မှ “၂၁ မိုင် ပဲစိမ်းကြော်” ဟု နာမည်ကြီးသော ပဲစိမ်းကြော်သည်လည်း ခရီးသွားဧည့်သည်များလည်း ဒေသထွက်အပြန်လက်ဆောင်မပါမဖြစ် ဝယ်ယူကာ ဝယ်ယူသူများနှင့်စည်ကားလှသော ပဲစိမ်းကြော် ဈေးဆိုင်တန်းကြီးကိုတွေ့ရှိပြီး ခရီး တစ်ထောက်နားကာ အပန်းဖြေလျက်ရှိပါသည်။ ၂၁ မိုင် ကျေးရွာသည် မန္တလေးမြို့မှ ပြင်ဦးလွင်သို့ လာလျှင်လမ်းခုလတ် (၂၁)မိုင်ရောက်လျှင် ရောက်ရှိပြီးသော ပြည်သူများအနေဖြင့် မိရိုးဖလာ တောင်သူလုပ်ငန်းအပြင် ပဲစိမ်းကြော်လုပ်ငန်းများကိုပါ မိသားစုတစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် လုပ်ငန်းကြီးလုပ်ကိုင်ကာ လုပ်ငန်းရှင် (၄၅)ဦးဖြင့် ကြော်လှော်ရောင်းချလျက်ရှိပါသည်။ ပဲစိမ်းကြော် တွင် အဓိကပါဝင်ပစ္စည်းအဖြစ် စားတော်ပဲ၊ စားသုံးဆီ၊ ကောက်ညှင်းတို့ အသုံးပြုရပြီး ကုန်ကြမ်း ပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူကာ ဆောင်ရွက်နေကြောင်း၊ ယခင်နှစ်များဆီက ပဲစိမ်းကြော် လုပ်ငန်းအနည်းအကျဉ်းရှိကာ၊ လုပ်ငန်းရှင်တစ်ဦးလျှင် စားတော်ပဲ (၃) ပြည်မှ (၇)ပြည်သာ အများဆုံးကြော်ရပြီး ယခုလုပ်ငန်းရှင်များလည်း တိုးလာကာ “၂၁ မိုင် ကျေးရွာကြီးသည် ၂၁ မိုင် ပဲစိမ်းကြော်ရွာကြီးဖြစ်လာနေကြောင်း၊ ယခုချိန် ပဲစိမ်းကြော်လုပ်ငန်းရှင် မိသားစုတစ်နိုင်တစ်ပိုင် ဆိုလျှင် (၈)ပြည်ခန့် ကြော်နေပြီး၊ စီးပွားဖြစ်လုပ်ကိုင်နေသော ဆိုင် (၁၀)ဆိုင်ခန့်သည် (၁)တင်းမှ (၂) တင်း နေ့စဉ်ကြော်နေပြီး စားတော်ပဲ (၁)ပြည်လျှင် စားအုန်းဆီ (၁)ပိဿာ သုံးစွဲရပြီး (၂၄) ရက်အတွက် စားတော်ပဲ တင်းပေါင်း (၇၀၀)တင်း၊ စားသုံးဆီ (၁၁၃) ပေပါဖြင့် ကြော်နေလျက်ရှိပြီး အကျိုးအမြတ်များရရှိကာ လူနေမှုအဆင့်အတန်းသည်လည်း တိုးတက်မြင့်မားနေကြောင်း၊ လက်ရှိ ပဲစိမ်းကြော် ရောင်းဝယ်မှုအနေဖြင့် လက်ဝိုင်းအသေးထုတ် (၄)ခုပါ (၈)ထုတ် ပါကင်တစ်ခုလျှင် ဖောက်သည် (၂၀၀၀/-)၊ ဆိုင်ရောင်း (၃၀၀၀/-)၊ အဝိုင်းသေး (၆)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၇၀၀/-)၊ ဆိုင်ရောင်း (၁၀၀၀/-)၊ အဝိုင်းလတ် (၆)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၈၀၀/-)၊ ဆိုင်ရောင်း (၁၃၀၀/-) အဝိုင်းကြီး (၆)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၁၁၀၀/-)၊ ဆိုင်ရောင်း (၁၇၀၀/-)၊ အဝိုင်းကြီး ရှယ် (၇)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၁၅၀၀/-)၊ ဆိုင်ရောင်း (၂၀၀၀-၂၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်နေကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)