
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် ဩဂုတ်လဆန်းမှစ၍ နှမ်းမျိုးစုံဈေးကျဆင်းအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ဩဂုတ်လ(တတိယပတ်)တွင် မိုး(နှမ်း)သီးနှံများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်ပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသောနှမ်းသီးနှံများ အဓိကဝင်ရောက်လျက်ရှိကြောင်း၊ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် (၅၀၀-၇၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ်(၂၄၀၀၀၀-၂၃၀၀၀၀-၂၂၀၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၉၅၀၀၀-၉၃၀၀၀)၊ နှမ်းညို တစ်တင်းလျှင် ကျပ်(၉၂၀၀၀-၉၁၅၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၉၃၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဇူလိုင်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် (၃၀၀၀၀)ခန့်၊ ကျန်နှမ်းအမျိုးအစားများမှာ တစ်တင်းလျှင် ကျပ်(၂၀၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်သို့ ရေစကြိုဒေသထွက် နှမ်း(ဖြူ)များ အများဆုံးဝင်ရောက်လျက်ရှိကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ ရောက်ရှိသည့်နှမ်းများကို မြို့ပေါ်ရှိဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ လည်းတင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့တင်ပို့ကြောင်း သိရှိရသည်။
DOCA(မကွေး)