
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် “ဝါ”သီးနှံကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့နယ်အတွင်းရှိကျေးရွာများမှ အဓိကစိုက်ပျိုးကြ ပါသည်။ ထွက်ရှိသော“ဝါ”များကို ပခုက္ကူမြို့ပေါ်သို့ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့ “ဝါ”စိုက်ဧကမှာယခင်က (၅၀၀၀ မှ ၆၀၀၀)ရှိခဲ့ပြီး ယခုအခါတွင် စိုက်ဧက(၂၅၀၀) ဝန်း ကျင်ခန့်သာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ “ဝါ”စိုက်ပျိုးရာတွင်အဓိက ချည်မျှင်ရှည်ဝါနှင့် ချည်မျှင် တိုဝါများကို စိုက်ပျိုးကြပါသည်။ “ဝါ” စတင်ပေါ်စတွင် အစေ့ပါတစ်ပိဿာလျှင် ကျပ်(၃၈၀၀) ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်(၃၀ မှ ၅၀ ထိ)ဝင်ရောက်လျက်ရှိကြောင်း “ဝါ” ကုန်သည်များထံမှ သိရှိရပါသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်မှထွက်ရှိသော“ဝါ”များကို မန္တလေးတိုင်းဒေသ ကြီးနှင့် သရက်၊အောင်လံခရိုင်များသို့လည်းတင်ပို့ရောင်းဝယ်လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ အစောပိုင်းတွင် “ဝါ”ဝင်ရောက်မှုမှာအလွန်နည်းပါးကြောင်း၊ ဈေးနှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ တစ် ပိဿာလျှင် ကျပ်(၃၇၀၀-၃၈၀၀)၊ ချည်မျှင်တိုဝါ တစ်ပိဿာ လျှင်ကျပ်(၃၅၀၀)၊ ဝါကြိတ်ဖတ် တစ် ပိဿာလျှင် ကျပ်(၁၅၀၀)၊ ဝါစေ့တစ် ပိဿာလျှင် ကျပ်(၂၅၀၀)၊ ဝါစေ့ဆီ တစ်ပိဿာ လျှင် ကျပ် (၁၅၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇွန်လ(ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဝါဂွမ်း တစ်ပိဿာလျှင် ကျပ်(၃၀၀)ခန့်၊ ဝါစေ့ဆီ တစ်ပိဿာလျှင် ကျပ်(၂၀၀)ခန့် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ “ဝါ”ဝင်ရောက်မှုမှာနည်းပါးနေကြောင်း “ဝါ”ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)