
မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်များသည် မနောသုခစပါးသီးနှံကို ဒေသတွင်းစားသုံးရန်အတွက် တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ခရိုင်ချုပ်အနေဖြင့် နွေစပါးစိုက်ဧက(၁၀၅၁) ဧကတွင် ဧကအားလုံးရိတ်သိမ်းခဲ့ကြောင်း၊ တစ်ဧက အနေဖြင့် အထွက်နှုန်း(၈၂)တင်းခန့်ထွက်ရှိခဲ့ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးထွက်ပေါ်ချိန်တွင် နွေစပါးတစ်တင်းခွဲ တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်ခန့် ပေါက်ဈေးရှိခဲ့ကြောင်း၊ စပါးစိုက်ပျိုးမှုနည်းသောကြောင့် စပါးအရောင်းအဝယ် အနေဖြင့် ဈေးကွက်မရှိကြောင်း၊ စပါးအစိုဓါတ်ကို ၁၃%၊ ၁၄% တွင်မျက်မြင် ခန့်မှန်းဖြင့်ဆုံးဖြတ် ကြကြောင်း၊ ရိတ်သိမ်းထွက်ရှိသောစပါးများကို နဘူးအိုင်ကျေးရွာရှိ ဆန်စက်များတွင် ကြိတ်ခွဲပြီး ထွက်ရှိသော ဆန်သားများကိုသာ ကျေးရွာအတွင်းစားသုံးရန် အရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ မနောသုခ(နွေ) တစ်တင်းခွဲတစ်အိတ်လျှင်ဒေသတွင်းပေါက်ဈေး (၈၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွားထိုးကြီးမြို့နယ်၌ မိုးစပါးစိုက်ဧက (၉၇၄) ဧကစိုက်ပျိုးထားရှိကြောင်း၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးထားရှိသော မိုးစပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခနှင့် အောင်နိုင်တိုး (YSRI) မျိုးတို့ကို စိုက်ပျိုးထားကြောင်း၊ ယခုစိုက်ပျိုးထားရှိသော မျိုးစပါး(မိုး)ကို မန္တလေးမြို့ ကုမ္ပဏီမှဝယ်ယူကြောင်း၊ မျိုးတစ်တင်းခွဲတစ်အိတ်လျှင် (၆၅၀၀၀) ကျပ်ဖြင့်ဝယ်ယူရကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)