
မျှစ်ခြောက်သည် အချိန်ကြာကြာအထားခံ၍ ဆိုးဆေးများမပါဝင်ဘဲ သဘာဝအတိုင်း ပြုပြင် ထားသည့် အစားအစာတစ်မျိုးဖြစ်ပါသည်။ မျှစ်ခြောက်ကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပေါက်ရောက်သည့် မျှစ်ပင် (Bamboo Shoot) များမှပြုလုပ်ထားခြင်း ဖြစ်ပါ သည်။ ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှ မျှစ်ခြောက်များစွာထွက်ရှိပြီး သံတောင်ကြီးနှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင် သဘာဝအလျောက် ပေါက်ရောက်သောမျှစ်ပင်များကို အခြောက်ခံ၍ ပြုလုပ်ထားပြီး ဒေသခံများမှ ရောင်းချလျက်ရှိပါသည်။
သံတောင်ကြီးဒေသထွက်မျှစ်ခြောက်သည် အခြားပြည်နယ်မှ မျှစ်ခြောက်များထက် ပိုမိုနူးညံ့ပြီး အနံ့ အရသာပိုမိုကောင်းမွန်ပါသည်။ ဒေသခံများသည် မိုးရာသီတွင် သဘာဝအတိုင်းပေါက်ရောက်သော တောမျှစ်များ၊ ကျေးရွာများတွင် စိုက်ပျိုးထားသော ဝါးပင်များမှရရှိသည့် ဝါးမျှစ်များကို ကောက်ယူကာ အခွံနွှာခြင်း၊ မျှစ်များကို အချောင်းလိုက်လှီးကာ ဆားရည်စိမ်ပြီး ရေနွေးဖြင့်အချိန်ကြာကြာပြုတ်ခြင်းဖြင့် မျှစ်များတွင် ပါဝင်သော အဆိပ်ဓာတ်များကို ဖယ်ရှားကြပါသည်။ ပြုတ်ပြီးသောမျှစ်များကို နေပူပူတွင် ၃-၄ ရက်ကြာလှန်း၍ အခြောက်ခံကာ လေလုံပလတ်စတစ်အိတ်များဖြင့် စနစ်တကျထုပ်ပိုးကာ သိမ်းဆည်း၍ စီးပွားဖြစ်ရောင်းချကြပါ သည်။
မျှစ်ခြောက်များကို စားသုံးမည်ဆိုပါက ရေအေးဖြင့်အချိန်ကြာကြာစိမ်ပြီး ရေနွေးဆူဆူတွင် မျှစ်ခြောက်များ ပျော့ပြောင်းလာသည်အထိပြုတ်ကာ ချက်စားခြင်း၊ ကြော်စားခြင်း၊ သုတ်စားခြင်း၊ ဟင်းချိုချက်သောက်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ယခုမိုးရာသီကာလတွင် မျှစ်ခြောက်များ အရောင်း သွက်လျက်ရှိရာ မျှစ်ခြောက် ၂၅ ကျပ်သား တစ်ထုပ်လျှင် ၈၀၀၀ ကျပ်၊ ၁ ပိဿာလျှင် ၃၀၀၀၀ ကျပ်ဖြင့် သံတောင်ကြီးဒေသထွက်မျှစ်ခြောက်များကို တောင်ငူမြို့ပေါ်ရှိဈေးများနှင့် တောင်ငူဒေသ ထွက် အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်သည့်အပြင် အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
DOCA(ပဲခူး)