
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်းစသည့် သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံဖြစ်သော ကြက်ဟင်းခါးသီးကို တစ်နိုင် တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ကြက်ဟင်းခါးသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မျိုးအနေဖြင့် ဗိုလ်တစ်ထောင် ကြက်ဟင်းခါးသီးမျိုးများကို စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကို ပျိုးထောင်ပြီး ရက်(၃၀)ခန့်အတွင်း စိုက်ပျိုးရကြောင်း၊စိုက်ပျိုးပြီး(၃)လခန့်အကြာတွင် ခူးဆွတ်နိုင် ကြောင်း၊စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ်အထွက်နှုန်းပိုလာကြောင်း၊အထွက်နှုန်းအနေ ဖြင့်(၁)ဧကလျှင်(၃၀၀-၃၅၀)ပိဿာထွက်ရှိကြောင်း၊(၁)ဧက ကုန်ကျစရိတ်အနေဖြင့်(၂၀၀၀၀၀- ၂၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ကြက်ဟင်းခါးသီးဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် လက်လီ (၄၀၀၀/-)ကျပ်၊လက်ကား(၂၅၀၀-၂၈၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းချရကြောင်း၊ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ်ဈေးနှုန်းမတူညီကြောင်း၊ကုန်စိမ်းပွဲစားများမှစိုက်ခင်းထဲ အထိလာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊ပွဲစာများမှ ရန်ကုန်၊မန္တလေး ဈေးကွက်များသို့တင်ပို့ရောင်းချကြကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့်(၄၅၀၀၀၀-၅၀၀၀၀၀) ကျပ်ခန့်အမြတ်ရရှိသည့်အတွက် တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း ကြက်ဟင်းခါးသီးစိုက်ပျိုး သောတောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။
DOCA (မန္တလေး)