Main menu

တောင်သာမြို့နယ်၏မိုးနှမ်းစိုက်ပျိုးထားရှိမှု

Powered by Drupal

    တောင်သာမြို့နယ်တွင် ပဲမျိုးစုံ၊ ထန်း၊ ကြက်သွန်နီးများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မိုးနှမ်း သီးနှံကိုလည်း စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။ မိုးနှမ်းသီးနှံကို(မေလ-ဇွန်လ)တို့တွင်စိုက်ပျိုးပြီး၊ (နိုဝင်ဘာလ-ဒီဇင်ဘာလ)တို့တွင်ရိတ်သိမ်းပေါ်ကြောင်း၊စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့် ကြာမြင့်ကြောင်းသိရှိရသည်။

    ၂၀၂၅-၂၀၂၆ခုနှစ်တွင် တောင်သာမြို့နယ်၌ မိုးနှမ်းစိုက်ဧက(၃၅၁၁၃)ဧက စိုက်ပျိုးထားရှိ ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ယခုနှစ်တွင် ယခင်နှစ် ထက် စိုက်ဧက(၃၅၁)ဧကခန့် ပိုမိုစိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ နှမ်းစိုက်ပျိုးရန်အတွက် မြေယာပြုပြင်ရာတွင် ထွန်ရေးညက်ရန်လိုအပ်ကြောင်း၊ တောင်သူများလက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးအများစုမှာ ဆင်းရတနာမျိုးဖြစ်ပြီး နှမ်းပင်များကိုင်းဖြာသောမျိုးဖြစ်၍ နှမ်းစိုက်ရန်(၁၅) လက်မ အတန်းအကွာအဝေးဖြင့် စိုက်ပျိုးကြောင်း၊ မျိုးစေ့များ အပင်ပေါက်ကောင်းစေရန် ထွန်ကြောင်းဆွဲရာတွင် မြေနက်ရန်မလိုကြောင်း၊ တစ်ဧကလျှင်မျိုးစေ့(၄)ပြည်စိုက်ပျိုးကြောင်း၊ ထွန်ကြောင်း ဆွဲပြီး ကြဲပတ်စနစ်ဖြင့် မျိုးစေ့များမြေကြီးထဲတွင် ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့် ခပ်ပါးပါးဖုံးအုပ်ပြီး စိုက်ပျိုးပါက အထွက်တိုးခြင်းကို အထောက်အကူပြုကြောင်း သိရှိရသည်။ ယခင်နှစ် မိုးနှမ်းတစ်ဧကလျှင်(၅.၆)တင်းခန့်ထွက်ရှိကြောင်း၊ မိုးကိုမျှော်ပြီး စိုက်ပျိုးရသောသီးနှံ ဖြစ်သောကြောင့် ယခင်နှစ်ထက်အထွက်နှုန်း ကောင်းနိုင်မည်ဟု ခန့်မှန်းကြောင်း နှမ်းစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ရာသီဥတု၊ မျိုး၊ မြေ၊ စိုက်ပျိုးမှုစနစ်၊ သွင်းအားစု၊ ပြုစုနိုင်မှု အပေါ်မူတည်၍ တစ်ဧကလျှင်(၃-၁၀)တင်းအထိထွက်ရှိနိုင်ကြောင်း၊ နှမ်းတစ်တင်း ဆီကြိတ်ပါက နှမ်းဆီ(၆)ပိဿာထွက်ရှိကြောင်း၊ ယခု ၂၀၂၅ ခုနှစ် ဇူလိုင်စတုတ္ထပတ်တွင်  ဆောင်းနှမ်းညို တစ် ပိဿာလျှင် (၆၁၀၀-၆၂၀၀)ကျပ်ပေါက်ဈေးများရှိကြောင်း၊ ပွဲရုံများတွင် နေ့စဉ်အိတ်(၁၀၀-၂၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (မန္တလေး)