
ကင်ပွန်းသီးပင်သည် မြန်မာနိုင်ငံအနှံ့တွင် တွေ့ရသော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး၊ အရွက်များကို ဟင်းအရံအနေနှင့် အသုံးပြုကြသည်။ ပင်အရွက်များမှာ ချဉ်တဲ့အရသာရှိပြီး၊ နွေရာသီအပူဒဏ်လျော့စေပြီး ခံတွင်းမြိန်စေသည့် ချဉ်ရည်ဟင်းပြုလုပ်ရာတွင်ထိရောက်သည်။ အစေ့များကိုလည်း အသုံးပြုနိုင်ပြီး၊ ရိုးရာ မြန်မာ့ခေါင်းလျှော်ရည်ထဲထည့်ကာ ခေါင်းလျှော်ရာတွင် အသုံးပြုကြသည်။ ကင်ပွန်းသီးကို ရှေးယခင်နှစ်ပေါင်းများစွာမှသည် ယနေ့တိုင် မြန်မာယဉ်ကျေးမှု နယ်ပယ်၌ မင်္ဂလာရှိသည့် အသုံးဝင်မှုတစ်ရပ်အနေဖြင့် ထင်ရှားသည့် သဘာဝအသီးဖြစ်ပြီး မင်္ဂလာ ယူသည့် နေရာတိုင်းတွင် ကင်ပွန်းရေပက်ဖြန်းခြင်း၊ ကင်ပွန်းသီးဖြင့် ခေါင်းဆေးမင်္ဂလာပြုခြင်းတို့ကို ကျင့်သုံးလျက်ရှိကြသည်။
အရွက်များနှင့် အသီးများသည် ဆေးဖက်ဝင်အနေဖြင့် အသုံးပြုနိုင်ပြီး၊ ဆံပင်ခြောက်သွေ့မှု၊ အရေပြားနှင့် အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေသည်။ အပင်ကြီးပင်သည် အမြင့် ၂၀-၃၀ ပေ ရှိပြီး ရွက်များသည် ရွက်ဆိုင်ထွက်သည်။ ကင်ပွန်းသီးပင်ကို ကင်ပွန်းချဉ်ပင်အဖြစ်လည်း လူသိများ ပေသည်။ ကင်ပွန်းသီးများသည် ရေနှင့်ရောစပ်မွှေပေးပါက ဆပ်ပြာကဲ့သို့သော အမြှုပ်များ ဖြစ်လာ ပြီး ရိုးရာကင်ပွန်းခေါင်းလျှော်ရည်အဖြစ် အသုံးပြုကြသည်။ ကင်ပွန်းသီးနှင့် တရော်ခေါက်တို့ ပေါင်းစပ်ပြီး ခေါင်းလျှော်ပါက ဆံပင်နှင့်ဦးရေပြားအတွက် များစွာအကျိုးပြုကြောင်း လေ့လာ သိရှိရသည်။ မြင်းခြံမြို့နယ်ရှိ ပျော်ဘွယ်၊ စံပြ၊ ခင်မကန်၊ သဲတော၊ တဲရွာ၊ သမုန်းကိုင်း စသည့် ကျေးရွာများတွင် အများအပြားစိုက်ပျိုးကာ ကင်ပွန်းသီးအခြောက်များကို မြင်းခြံမြို့ရှိ ဈေးများသို့ လာရောက်ရောင်းချကြကြောင်းနှင့် ကင်ပွန်းသီးခြောက် ၂၅ကျပ်သားလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။
DOCA (မန္တလေး)