Main menu

သထုံမြို့၊ သမိုင်းဝင်ဓာတ်တော်ဆေးမင်္ဂလာကန်တော်ကြီး ပြုပြင်မွမ်းမံရေး နှိုးဆော်မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားကျင်းပ

Powered by Drupal

    မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သ‌ရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး ရှိ ရှေးဟောင်းသမိုင်းဝင် ဓာတ်တော်ဆေးမင်္ဂလာကန်တော်ကြီး ပြုပြင်မွမ်းမံရေး နှိုးဆော်အသိ ပေး မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ၅.၈.၂၀၂၅ ရက်နေ့ နံနက်က အဆိုပါ ကန်တော်မင်္ဂလာရှေ့၊ ရွှေစာရံဘုရားလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

  အခမ်းအနားတွင် ဦးစွာကန်တော်မင်္ဂလာပြုပြင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဓာတ်တော်ဆေးကန်တော်ကြီး သမိုင်းအကျဉ်းနှင့် မြို့၏ အထင်ကရအမွေ အနှစ်ကို ဝိုင်းဝန်းထိန်းသိမ်းကြရေး အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့်က လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားသည်။

   ရွှေစာရံစေတီတော်မြတ်ကြီး၏ သမိုင်းမှတ်တမ်းအရ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကျော် ဗုဒ္ဓဘုရားရှင် သုဝဏ္ဏဘူမိ၊ သထုံပြည်သို့ ကြွလာစဉ် ရွှေစာရံစေတီ (မူလအမည်- စိရံဌာတု စေတီ)အား တည်ထားရန် သွားတော်ဓာတ်လေးဆူကို ပေးသနားခဲ့ရာ ဆေးကြောသန့်စင်ရန် ဤမင်္ဂလာကန်တော်ကြီးကို တူးဖေါ်ခဲ့ကြောင်း သိရှိရပြီး၊ ယခုအခါကန်တော်ကြီးမှာ ပျက်စီး ယိုယွင်းနေရာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် မြို့မိမြို့ဖများ အလှူရှင်များစုပေါင်း၍ ကန်တော်မင်္ဂလာကြီး သာယာလှပရေး အဆင့်မြှင့်တင်ပြုပြင်ကြမည်ဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၇၀၀၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)