Main menu

ဈေးကွက်ဝင်တစ်သျှူးငှက်ပျော

Powered by Drupal

   မြန်မာနိုင်ငံတွင် ငှက်ပျောမျိုးကွဲများစွာရှိပြီး  မိရိုးဖလာနည်းစနစ်အတိုင်း  ဒေသငှက်ပျောမျိုးများကို သားတက်ဖြင့် မျိုးပွား၍စိုက်ပျိုးခဲ့ကြသော်လည်း  ယခုအခါ အပင်တစ်သျှူးမျိုးပွားနည်းဖြင့်  မျိုးပွားထားသော  ငှက်ပျောများကို  ကျယ်ပြန့်စွာစိုက်ပျိုးလာကြသည်။   ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောကို ဘိန်းအစားထိုးသီနှံအဖြစ် စတင်စိုက်ပျိုးခဲ့ရာမှ ယခုအခါစီးပွားဖြစ်တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိပါသည်။

          စိုက်ပျိုးမှုအနေဖြင့်  တစ်သျှူးငှက်ပျောစိုက်ပျိုးရန် ပထမဦးစွာစိုက်ပျိုးမည့်မြေအား အပင်ခုတ်ထွင်ရှင်းလင်းပြီး   ထယ်ထိုးထွန်ယက်ခြင်း၊  ဘောင်ပြုလုပ်ခြင်းများဆောင်ရွက်ပြီး  အပင်ရင်းတွင်ရေမဝပ်စေရန်   ရေနုတ်မြောင်းများကို   ကြိုတင်ပြင်ဆင်ဆောင်ရွက်ရပါသည်။  မြေပြုပြင်ပြီးပါက အပင်စိုက်ရန် အကျယ် ၁ ပေခွဲနှင့် အနက် ၁ ပေခွဲရှိ စိုက်ကျင်းများတူးပြီး မြေခံအနေဖြင့် မြေဆွေး၊ ကွန်ပေါင်းဓာတ်မြေဩဇာကိုထည့်ကာ  တစ်ပတ်ခန့် ရေနှင့်နှပ်ထားပေးရပါသည်။ စိုက်ပျိုးပြုပြင်ပြီးပါက ပင်ခြား ၆ ပေ၊ တန်းကြား ၈ ပေဖြင့်  တစ်ကျင်းလျှင် တစ်ပင်နှုန်းဖြင့်   တစ်ဧအတွက်

ပျိုးပင်ပေါင်း ၈၀၀ စိုက်ပျိုးရပါသည်။

          ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောစိုက်ပျိုးမှုအနေဖြင့်  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်မြစ်ကြီးနားခရိုင်၌ ၅၅၄၄၈ ဧက၊  ဗန်းမော်ခရိုင်၌ ၁၅၀၉၉ ဧက၊  စုစုပေါင်း ၇၀၅၄၇ ဧက စိုက်ပျိုးထားရှိကာ တစ်ဧကအထွက်နှုန်းအနေဖြင့်(၁၃)တန်ခန့်ရှိပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့်  မြေပြုပြင်ခြင်း၊ စိုက်ပျိုးပြုစုခြင်း၊ သွင်းအားစုဝယ်ယူခြင်း၊ ခူးဆွတ်ခြင်း၊ သယ်ယူပို့ဆောင်ခ (ဈေးကွက်ရောက်သည်အထိ) စုစုပေါင်း(၁၅၀၀၀၀၀ဝိ/-)  ခန့်ကုန်ကျပါသည်။

  ယခင်ကမြစ်ကြီးနားခရိုင်မှထွက်ရှိသော  တစ်သျှူးငှက်ပျောများအား ကန်ပိုင်တည်နယ်စပ်မှ လည်းကောင်း၊ ဗန်းမော်ခရိုင်မှထွက်ရှိသော တစ်သျှူးငှက်ပျောများအား လွယ်ဂျယ်နယ်စပ်မှ လည်းကောင်း တရုတ်နိုင်ငံသို့  ပြည်ပပို့ကုန်အဖြစ် တင်ပို့ခဲ့သော်လည်း ယခုအခါ နယ်မြေလုံခြုံရေး အခြေအနေအရ ဗန်းမော်ခရိုင်မှထွက်ရှိသောတစ်သျှူးငှက်ပျောများအား ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိဘဲ မြစ်ကြီးနားခရိုင်ရှိ ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော တစ်သျှူးငှက်ပျော များကိုသာ ကန်ပိုက်တည်နယ်စပ်မှ  တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ တစ်သျှူးငှက်ပျော စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၁၅၀၀၀၀၀ဝိ/-)ခန့်ဖြစ်ပြီး တစ်ဧကဝင်ငွေ (၂၃၄၀၀၀၀ဝိ/-)ခန့် ရရှိမှုကြောင့် တစ်ဧကအကျိုးအမြတ်ရရှိမှုအနေဖြင့်  (၈၄၀၀၀၀ဝိ/-)ခန့်ရရှိသည့် အတွက် စိုက်ပျိုးသည့်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိမှုများပြီး ပြည်ပပို့ကုန်သီးနှံလည်း ဖြစ်သည့်တစ်သျှူးငှက်ပျောအား ယခုထက်ပိုမိုစိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(ကချင်)