
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ ရေစကြိုမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်းနှင့် ဝါသီးနှံများကို စိုက်ပျိုးကြပါသည်။ ရေစကြိုမြို့နယ်အနေဖြင့် ဝါသီးနှံ ကို (၃၁၃၄) ဧကစိုက်ပျိုးကြောင်း၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်းကျေးရွာများတွင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်း သီးနှံခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် အများအား ဖြင့် သီးသန့်စိုက်ပျိုးကြပါသည်။ မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ငွေချည်-၁၁၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါများကို ဇူလိုင်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ယခင်နှစ်က (၃) ဧက စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် (၅) ဧက စိုက်ပျိုးထားရှိကြောင်း၊ (၁) ဧက အနေဖြင့် မျိုးစေ့ (၃) ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်းတို့ အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၆)သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၁) ဧက တွင် (၄၀၀)ပိဿာ ထွက်ရှိကြောင်း၊ (၁)ပိဿာလျှင် ကျပ်(၃၁၀၀)ဖြင့်ရောင်းရပြီး အကျိုးအမြတ် အနေဖြင့် ကျပ်(၆)သိန်းခွဲခန့်ရရှိကြောင်း သိရှိရပါသည်။
ဝါသီးနှံသည် မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာ စိုက်ပျိုးကြကာ မိုးကြိုက်သောသီးနှံ ဖြစ်ပြီး မိုးကောင်းသောနှစ်များတွင် ပိုမိုထွက်ရှိပါကြောင်း၊ သွင်းအားစုဖြစ်သည့် မြေဩဇာနှင့်ပိုးသတ်
ဆေးများ စနစ်တကျသုံးစွဲမည်ဆိုလျှင် ပိုမိုထွက်ရှိနိုင်ပါကြောင်း၊ အခြားသီးနှံများကဲ့သို့ အလုပ်မရှုပ်ပဲ သက်သာသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများ စိုက်ပျိုး ပြီး အပင်ပေါက်ဖြစ်ထွန်းအားကောင်းမွန်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ကုန်ကျ စရိတ်များပြားသလို အထွက်နှုန်းများကောင်းနိုင်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မကွေး)