Main menu

ဘေးလေအိတ်ပြဿနာကြောင့် Ford Maverick Pickup Truck မော်တော်ယာဥ်များကို ဈေးကွက်မှ သိမ်းဆည်း

Powered by Drupal

        ဘေးခန်းလေအိတ်များ ပြန်လည်အစားထိုးပြင်ဆင်ရန်အတွက် Ford ကုမ္ပဏီအနေဖြင့် ၂၀၂၂ ခုနှစ်ထုတ် Maverick Pickup Truck မော်တော်ယာဥ်အစီးရေ ခြောက်သောင်းခွဲနီးပါးကို ဈေးကွက်မှ ပြန်လည်သိမ်းခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်များရှိ ဘေးလေအိတ်များသည် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက စီးနင်းသူများကို ကာကွယ်နိုင်ရန် အမေရိကန်ပြည်ထောင်စု ယာဉ်အန္တရာယ်ကင်းရှင်း ဆိုင်ရာအေဂျင်စီ(National Highway Traffic Safety Administration- NHTSA)၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိ​သည်ကို စမ်းသပ်တွေ့ရှိရကြောင်း သိရှိရသည်။ Ford ကုမ္ပဏီအနေဖြင့် ဒီလေအိတ် ပြဿနာကြောင့် ထိခိုက်ဒဏ်ရရှိမှုကို မကြားမိသေးကြောင်း​ဆိုထားသည်။ Ford ၏ ကနဦးစမ်းသပ် ချက်များအရ အဆိုပါလေအိတ်များသည် စံချိန်စံညွှန်များနှင့် ကိုက်ညီမှုရှိကြောင်း စမ်းသပ်ပြီးဖြစ်သော် လည်း NHTSA ၏ စမ်းသပ်စစ်ဆေးချက်အရ Federal Motor Vehicle Safety Standard 226 S4.2.1 ၏လိုအပ်ချက်များနှင့်ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။ NHTSA အနေဖြင့် အဆိုပါ မော်တော်ယာဉ်ထုတ်လုပ်သူကို အကြောင်းကြားခဲ့ပြီးနောက် Ford အနေနဲ့ အဆိုပါလေအိတ်များကို ပြန်လည်စမ်းသပ်ခဲ့ပြီး NHTSA ၏ စစ်ဆေးတွေ့ရှိမှုအပေါ်အတည်ပြုခဲ့သော်လည်း စစ်ဆေးမှုရလဒ် ကွဲပြားရသည့်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါကုမ္ပဏီကပြောကြားသည်။ Ford ကုမ္ပဏီအနေဖြင့် အဆိုပါမော်တော်ယာဉ်တင်ပို့မှုကို ရပ်ဆိုင်းထားပြီး စံမမှီသောလေအိတ်တပ်ဆင် မှုကိုလည်း ရပ်ဆိုင်းထားခဲ့သည်။ ကုမ္ပဏီအနေဖြင့် ၎င်းမော်တော်ယာဉ်ကို ဆက်လက်ထုတ်လုပ်နေဆဲ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိူင်လ ၉ရက်နေ့နောက်ပိုင်းထုတ်လုပ်သောမော်တော်ယာဉ်များတွင် အသစ်မွမ်းမံ ထားသောစံချိန်စံညွှန်းမှီသည့်လေအိတ်များ တပ်ဆင်ထားကြောင်းသိရသည်။ အဆိုပါ မော်တော်ယာဉ် ဝယ်ယူထားသူများအနေဖြင့် ကုမ္ပဏီသို့ဆက်သွယ်ပါရန်နှင့် စံချိန်စံညွှန်းမှီသောလေအိပ်များ အစားထိုး တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ စာတိုက်မှတဆင့် ယာဉ်ဝယ်ယူထားသူများကို အကြောင်းထား ကြောင်း၊ မိမိယာဉ်သည် ပြန်လည်သိမ်းဆည်းရန်ယာဉ်စာရင်းတွင်ပါဝင်ခြင်း ရှိ/မရှိ NHTSA ၏ Website တွင် စစ်ဆေးကြည့်ရှုနိုင်ကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် ယခုကဲ့သို့ ပြန်လည်သိမ်း ဆည်းခြင်းကို ဆောင်ရွက်လေ့ရှိသည့်အတွက် မိမိ၏ယာဉ်သည် ပြန်လည်သိမ်းဆည်းရန်စာရင်းတွင် ပါ/မပါ ကို ပုံမှန်စစ်ဆေးကြည့်သင့်ကြောင်း NHTSA က အကြံပြုထားပါသည်။ 

DOCA(စစ်ကိုင်း)