Main menu

အဝေးရောက်တောင်ငူသူ တောင်ငူသားများအလွမ်းပြေ တောင်ငူမုန့်ဟင်းခါး

Powered by Drupal

               တောင်ငူမြို့တွင် ရန်ကုန်မုန့်ဟင်းခါး၊ မန္တလေးမုန့်တီသုတ်၊ တောင်ငူမုန့်ဟင်းခါး စသည်ဖြင့် ဒေသအခေါ်မုန့်ဟင်းခါးများ ရှိပါသည်။ တောင်ငူမုန့်ဟင်းခါးကို တောင်ငူသူ တောင်ငူသားများ သာမက အခြားမြို့များမှ လာရောက်သည့် ဧည့်သည်များပါ နှစ်ခြိုက်စွာ စားသုံးလေ့ရှိပါသည်။ အိမ် တွင်လည်း အလွယ်တကူချက်ပြုတ် စားသောက်နိုင်ပါသည်။

            တောင်ငူမုန့်ဟင်းခါးသည် ငါးခူငါးပိကို အဓိကထား၍ ချက်ပါသည်။ ငါးခူကို စပါးလင်၊ ဂျင်းတို့ဖြင့် ပြုတ်ရပါသည်။ ပြုတ်ထားသည့်ငါးကို အရိုးထွင်ပြီး ကြက်သွန်ဖြူ၊ ဂျင်းတို့နှင့် ရဲနေအောင် ဆီသတ်၍ ရေနွေးပွက်ပွက်ဆူသော ရေတွင်ထည့်ပြီး ကြက်သွန်နီ၊ ငရုပ်ကောင်း၊ အချိုမှုန့်အနည်းငယ်၊ ငံပြာရည်တို့နှင့် အရည်သောက်ချက်ရပါသည်။ ကြက်သွန်ဖြူ အကွင်းလိုက်လှီးပြီး ဆီများများနှင့် ဆီချက်၊ ငရုပ်သီးအခြောက် ညက်ညက်ထောင်း၊ ငံပြာရည်၊ ပဲကပ်ကြော်၊ ကောက်ညှင်းဆန်နှင့် ပြလုပ်ထားသော ဆန်လှော်မှုန့်၊ ပဲမှုန့်အကျက်တို့နှင့် မုန့်ဖတ်ကို သုပ်၍ဖြစ်စေ၊ အရည်ဖျော်ဖြစ်စေ စားသုံးနိုင်ပါသည်။

            မုန့်ဖတ်ပြုလုပ်ရန် ဆလတ်ကျိုးခေါ် တပိုင်းကျိုးဆန်ကို အသုံးပြုကြပါသည်။ ယခင်က ဆထတ်ကျိုးတစ်အိတ်လျှင် ၂၀၀၀၀ ကျပ်ဖြင့် ဝယ်ယူစဉ်က မုန့်ဖတ်အစို တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး ယခုအခါ ဆလတ်ကျိုးတစ်အိတ်လျှင် ၃၃၀၀၀ ကျပ်ဖြင့် ဝယ်ယူရသဖြင့် မုန့်ဖတ် တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊ ယခင်က မုန့်ဟင်းခါးတစ်ပွဲလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချရမှာ ယခုအခါ ၆၀၀ ကျပ်ဖြင့်ရောင်းချပါကြောင်း၊ မုန့်ဖတ်ခြောက်များလည်း ၂၀ ကျပ်သား တစ်ထုပ်လျှင် ယခင်က ၃၅၀ ကျပ်ရောင်းချရာမှ ယခုအခါ ၄၅၀ ကျပ် ရောင်းချရကြောင်း မုန့်ဟင်းခါးဖတ်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)