
တည်သီးပင်ကတော့ အေး၍ မိုးများသော အရပ်ဒေသများတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ မိုးကုတ်ဒေသ၊ ပြင်ဦးလွင်ဒေသနှင့် အခြားသော တောင်ပေါ်ဒေသထွက် သီးပင်စားပင်များဖြစ်သည်။ တည်သီး အကျွတ်မျိုးနှင့် အပျော့မျိုး ဟူ၍ နှစ်မျိုးရှိသည်။ တည်သီးပင်သည် နှစ်ရှည်ပင်မျိုးဖြစ်ပြီး တစ်ခါစိုက်ထားလျှင် တစ်သက်လုံးစားသုံးနိုင်သည်။ တည်သီးပင်၏ ဇစ်မြစ်သည် တရုတ်ပြည်ကဖြစ်သည်။ တည်သီး၏အရောင်မှာ လိမ္မော်ရင့်ရောင် ဖြစ်သည်။ တည်သီးပင်မှ အမပွင့်တည်းကိုသာ ပွင့်ပါသည်။ တည်သီးသည် မရင့်မှည့်ခင် ဖန်သောအရသာ ရှိပြီး ရင့်မှည့်ပြီးက ချိုမွှေးသော အရသာရှိသည်။ တည်သီးအမှည့်ကို ဒီတိုင်းစားလို့ရသလို ဖျော်ရည်လုပ်၍ စားသောက်ကြသည်။ တည်သီးတွင် အမျှင်ဓာတ်နှင့် ဆန့်ကျင်ဓာတ်တိုးပစ္စည်းများ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် ကျန်းမာရေးကို အထောက်အကူပြုပါသည်။ တည်သီးတွင်ပါဝင်သော သဘာဝဓာတ်ပေါင်းစုများက အရေပြားတွန့်၍ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ တည်သီးသည် တိုင်းတွင်းထွက်သီးနှံမဟုတ်သည့်အတွက် စားဖူးသူနည်းပါးပါသည်။ အောက်တိုဘာလ၊နိုဝင်ဘာလများတွင် ထွက်ပေါ်ပြီး ယခုအခါ တည်သီးများအသီးအပွင့် ဝေဆာနေပြီ ဖြစ်ပါသည်။ အညာဒေသတွင် စိုက်ပျိုးရေးမဖြစ်သော်လည်း တောင်ပေါ်ဒေသ စိုက်ပျိုးရန်အတွက် တည်ပင်ပျိုးပင်ဈေးကွက်ရှိပါသည်။ ကိုင်းကူး၊မျိုးကူး၊ယိုးဒယားမျိုး များလည်း ရှိပြီး အပင်အရွယ်အစားပေါ် မူတည်၍ တစ်ပင်လျှင် (၅၀၀၀/၁၀၀၀၀/၁၅၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)